News

POST TYPE

NEWS

ပုသိမ်တွင် ကျောင်းသားများ ကာတွန်းရေးဆွဲပြိုင်မည်
25-Sep-2017 tagged as ကာတွန်း

ရန်ကုန်၊ စက်တင်ဘာ ၂၄

ပုသိမ်တက္ကသိုလ် မြန်မာစာအသင်းက ဦးဆောင်၍ အခြေခံပညာကျောင်း ၁၀ ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ကာတွန်းရေးဆွဲပြိုင်ပွဲ ပထမဆုံးအကြိမ်အဖြစ် ပြုလုပ်မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူဟောင်းများအသင်း တွဲဖက် အတွင်းရေးမှူး ဦးမြတ်သိန်းထွန်းက ပြောကြားသည်။

တိမ်မြုပ်နေသော ကာတွန်းမီးပုံးပွဲ အစဉ်အလာ အကြောင်းကို ကလေးများ သိစေရန်နှင့် ကာတွန်းဆရာကြီးများကို ဂုဏ်ပြုသောအားဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး ကာတွန်းပြိုင်ပွဲများကို နှစ်စဉ် နှစ်တိုင်း ပြုလုပ်နိုင်ရန် စီစဉ်ထားကြောင်း ယင်းအသင်းထံမှ သိရသည်။

ကာတွန်း ဆရာကြီးများ ဖြစ်သော ဦးရွှေတလေး၊ ဦးဘဂျမ်း၊ ဦးအောင်ရှိန်၊ ဦးသော်က၊ ဦးဝင်းမောင်၊ ဦးဆန်းထွန်း၊ မောင်ဝဏ္ဏ၊ ဦးဆွေလင်း၊ ဦးမောင်မောင်၊ ဦးအောင်အောင်နှင့် ဦးတင်အောင်နီ တို့ကို ဂုဏ်ပြုသောအားဖြင့် ကာတွန်းပြိုင်ပွဲ ပြုလုပ်ခြင်းဖြစ်သည်။

ပုသိမ်မြို့ အထက-၁၊ အထက-၂၊ အထက-၃၊ အထက-၄၊ အထက-၅၊ အထက-၆၊ အထက-၇၊ အထက-၈ နှင့် အထက(ခွဲ)-၉ နှင့် အထက(ခွဲ)-၁၀ တို့မှ အဋ္ဌမတန်း၊ နဝမတန်းနှင့် ဒသမတန်း ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။

ကာတွန်းမောင်မောင်၊ ကာတွန်း အောင်အောင်နှင့် ကာတွန်း တင်အောင်နီတို့က အကဲဖြတ်ဆုပေးမည်ဖြစ်သည်။

ပထမဆုကို ဆုငွေငါးသောင်း၊ ဒုတိယဆုကို ဆုငွေသုံးသောင်း၊ တတိယဆုကို ဆုငွေနှစ်သောင်းနှင့် နှစ်သိမ့်ဆုရသူ နှစ်ဦးကို ဆုငွေတစ်သောင်းစီနှင့် ဂုဏ်ပြုလက်မှတ်များ ပေးမည်ဖြစ်သည်။ 
တိုင်းပြု၊ ပြည်ပြု ခေါင်းစဉ်ဖြင့် ဖြူမည်းတစ်ကွက်စာ ကာတွန်းကို A3 စာရွက်ဆိုဒ်ဖြင့် ရေးဆွဲရမည်ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲကို အ.ထ.က(ခွဲ) ၁၀ ၌ အောက်တိုဘာလ ၁၇ ရက် နံနက် ကိုးနာရီအချိန်တွင် ပြုလုပ်မည်ဖြစ်ပြီး ပြိုင်ပွဲဝင် ကာတွန်းပုံများကို လာမည့် တန်ဆောင်တိုင် မီးပုံးပွဲတော်တွင် ပြသသွားမည်ဖြစ်ကြောင်း ကျောင်းသားဟောင်းများအသင်းထံမှ သိရသည်။ 

အဆိုပါပွဲ ဖြစ်မြောက်ရန်နှင့် ကလေးများကို ဆုပေးရန် မိမိက အလှူငွေ ငါးသိန်းကျပ်ကို မတည်လှူထားကြောင်း၊ ကာတွန်း ဆရာကြီး ဦးအောင်ရှိန်နှင့် ဦးဖေတင်တို့ကို ဂုဏ်ပြုသောအားဖြင့် အဆိုပါကာတွန်း ပြိုင်ပွဲတွင် မတည်ငွေလှူရန် စိတ်ကူးပေါ်လာကြောင်း ပုသိမ်တက္ကသိုလ် မြန်မာစာဌာန ပါမောက္ခဌာနမှူး ဒေါက်တာသန်းထွန်းက ရှင်းပြသည်။

မီးပုံးပွဲတော်ကို နိုဝင်ဘာလ ၂ ရက်တွင် ကာတွန်းဆရာကြီးများ နေထိုင်ခဲ့သော အမှတ်( ၃ )ရပ်ကွက်၊ ဓနိတန်းလမ်း၌ ကျင်းပမည်ဖြစ်ပြီး လူမှုရေးရာဝန်ကြီးနှင့် မြို့နယ် စည်ပင်ဝန်ကြီးတို့ တက်ရောက်ရန် ဖိတ်ကြားထားကြောင်း ကျောင်းသားဟောင်းများအသင်း တွဲဖက် အတွင်းရေးမှူး ဦးမြတ်သိန်းထွန်းက ပြောကြားသည်။

မြဇာခြည်သင်း