News

POST TYPE

NEWS

မဟနဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ကြီး တရုတ်နိုင်ငံ၌ ကျင်းပသည့် ဗုဒ္ဓဖိုရမ်သို့ ကြွရောက်
25-Sep-2017 tagged as ဗန်းမော်

ရန်ကုန်၊ စက်တင်ဘာ ၂၄

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော် အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဒေါက်တာဘဒ္ဒန္တကုမာရာ ဘိဝံသ ဆရာတော်ကြီးသည် တရုတ်နိုင်ငံ တာလီမြို့၌ ကျင်းပသည့် ဗုဒ္ဓဖိုရမ်ကို တက်ရောက်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဦးအောင်ဆန်းဝင်းက ပြောသည်။

ဗုဒ္ဓဖိုရမ်ကို တရုတ်နိုင်ငံ၌ စက်တင်ဘာ ၂၂ ရက်မှ ၂၄ ရက်နေ့အထိ ကျင်းပလျက်ရှိပြီး ယင်းဖိုရမ်ကို နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနှင့် အဖွဲ့ဝင်ဆရာတော်များ တက်ရောက်လျက်ရှိကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနထံမှ သိရသည်။

“နှစ်နှစ်တစ်ကြိမ်လုပ်တဲ့ တရုတ်နိုင်ငံက ဗုဒ္ဓဖိုရမ်ကို ဆရာတော်ကြီးတွေ တက်ရောက်နေကြပါတယ်။ ဖိတ်ကြားချက်အရလည်း ဖြစ်ပါတယ်”ဟု ဦးအောင်ဆန်းဝင်းက ပြောသည်။

ထို့အတူ သီရိလင်္ကာဆိုရှယ်လစ် ဒီမိုကရက်တစ်နိုင်ငံ၌ နိုဝင်ဘာလအတွင်း၌ ကျင်းပမည့် ဗုဒ္ဓညီလာခံ၌ မြန်မာနိုင်ငံမှ အမြင့်ဆုံး ဘာသာရေးအဖွဲ့ဖြစ်သော နိုင်ငံတော် သံဃမဟာနာယကအဖွဲ့သည် ယင်းအစည်းအဝေး တက်ရောက်ရန် စီစဉ်ထားကြောင်း ဦးအောင်ဆန်းဝင်းက ဆိုသည်။

အလားတူ မြန်မာနိုင်ငံသည် သီရိလင်္ကာနိုင်ငံသို့ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် စုစုပေါင်း ဆင် ၅ ကောင် လှူဒါန်းထားပြီး အခြားသော အရှေ့တောင် အာရှနိုင်ငံများအပါအဝင် ဗုဒ္ဓဘာသာ နိုင်ငံအချို့နှင့် ဆင်များ လဲလှယ်ထားကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနထံမှ သိရသည်။ 

J-07