News

POST TYPE

NEWS

ညောင်းတုန်းတွင် ပင်လုံရတနာကုမ္ပဏီကို ဆန္ဒပြ
24-Sep-2017 tagged as ပုသိမ်

ပင်လုံရတနာ ဖွံ့ဖြိုးရေးကုမ္ပဏီ အနေနှင့် နိုင်ငံပိုင်မြေများ လုပ်ကိုင်ခွင့် ရရှိသည်ထက် ကျူးကျော်လုပ်ကိုင်ခြင်းနှင့် ဒေသခံ ရေလုပ်သားများ လုပ်ကိုင်ခွင့်ရ အင်းချောင်းများကို တာပတ်၍ ငါးကန်ပြုလုပ်သည် ဆိုသော ကနဦးသတင်းအရ လုပ်ထုံး လုပ်နည်းအတိုင်း စစ်ဆေးခဲ့သည့် ညောင်တုန်းမြို့နယ် လွှတ်တော်အမတ်နှင့် နိုင်ငံ့ဝန်ထမ်းများကို ကုမ္ပဏီက အမှုဖွင့်တိုင်ကြား၍ မကျေနပ်သဖြင့် မြို့နယ် ၇ မြို့နယ်မှ တောင်သူများ၊ ရေလုပ်သားများက ယနေ့ (စက်တင်ဘာလ ၂၄ ရက်) နံနက်ပိုင်းက ညောင်းတုန်းတွင် ဆန္ဒပြခဲ့ကြသည်။

တိုင်းလွှတ်တော်အမတ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ငါးလုပ်ငန်းဦးစီးမှူး၊ မြို့နယ်မြေစာရင်း ဦးစီးမှူး၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူး၊ တောင်သူ၊ လယ်သမားသမဂ္ဂ ဥက္ကဋ္ဌ တာဝန်ရှိသူများ ကုမ္ပဏီမြေအတွင်း တိုင်းထွာစစ်ဆေးမှုများ ပြုလုပ်ခဲ့သဖြင့် နစ်နာမှုရှိ၍ ကျပ်သိန်းနှစ်သောင်း ပေးလျော်ရန် စက်တင်ဘာ ၈ ရက်က ယင်းကုမ္ပဏီဒါရိုက်တာ ဦးမြင့်သန်းက တိုင်းတရားလွှတ်တော်တွင် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။

ယင်းကိစ္စအပေါ် မကျေနပ်သည့် ညောင်းတုန်းမြို့နယ် ကျေးရွာ၊ ရပ်ကွက် ၅၄ အုပ်စုမှ ပြည်သူများ အပါအဝင် ဓနုဖြူ၊ ဇလွန်၊ သာပေါင်း၊ ကန်ကြီးတောင့်၊ ကျောင်းကုန်း၊ ပန်းတနော်၊ မအူပင် မြို့နယ်များမှ တောင်သူများ၊ ရေလုပ်သားများက စုပေါင်းဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

ဓာတ်ပုံ - မောင်မျိုးထက်