News

POST TYPE

NEWS

ညီဖြစ်သူအား ပါးရိုက်လွှတ်သည့် အမျိုးသားကို အစ်ကိုဖြစ်သူက ဓားဖြင့် ခုတ်သတ်
24-Sep-2017 tagged as လူသတ်မှု

ရန်ကုန်၊ စက်တင်ဘာ ၂၃

မြောက်ဥက္ကလာပမြို့နယ် (၁) ရပ်ကွက် တံတားလေး ဘူတာအနီး လက်ဖက်ရည်ဆိုင်တွင် စက်တင်ဘာလ ၂၂ ရက် ည ၈ နာရီခန့်က ညီဖြစ်သူကို အကြွေးတစ်သောင်းခွဲ တောင်းခိုင်းရာ အကြွေးမပေးဘဲ ပါးရိုက်လွှတ်သည်ဟုဆိုသော အမျိုးသားကို အစ်ကိုဖြစ်သူက ဓားနှင့် ခုတ်သတ်ခဲ့သော လူသတ်မှု ဖြစ်ပွားခဲ့သည်။ 

မြောက်ဥက္ကလာပမြို့နယ် အမှတ် (၁) ရပ်ကွက်တွင် နေထိုင်သူ အသက် ၁၄ နှစ်အရွယ် နေမင်းထက်သည် စက်တင်ဘာလ ၂၀ ရက်နေ့က အစ်ကိုဖြစ်သူ၏ စေခိုင်းချက်အရ အသတ်ခံရသော အသက် ၂၈ နှစ်အရွယ် ကိုဆန်းဝင်းအောင် (ခ) ဂွေးသီးထံသို့ သွားရောက်ပြီး အကြွေးတစ်သောင်းခွဲ သွားတောင်းရာ မပေးသည့်အပြင် ပါးရိုက်လွှတ်ကြောင်း အစ်ကိုဖြစ်သူကို ပြန်လည်ပြောပြရာ အစ်ကိုဖြစ်သူက မကျေမနပ်ဖြစ်ကာ လက်ဖက်ရည်ဆိုင်ထဲတွင် ထိုင်နေသူ ကိုဆန်းဝင်းအောင် (ခ) ဂွေးသီးကို အရိုးအသွား ၂၇ လက်မခန့်ရှိ သံရိုးတပ်ဓားရှည်ဖြင့် ဆင့်ခုတ်သတ်ခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“သေသွားတဲ့သူက သူ့ညီကို ပါးတွေရိုက်တာ မကျေနပ်လို့ လက်ဖက်ရည်ဆိုင်ထဲအထိ ဝင်ဓားနဲ့ခုတ်တာ၊ ဖြစ်တဲ့နေ့ ညနေပိုင်းကတောင် နေမင်းထက်ဆိုတဲ့ ကလေးက လက်ဖက်ရည်ဆိုင်ရှေ့ ဖြတ်သွားတော့ မင်းဘာကြည့်တာလဲဆိုပြီး ပါးရိုက်လိုက်သေးတယ်၊ လွန်ခဲ့တဲ့ တစ်ပတ်လောက်ကလည်း ဘိလိယက်ခုံ တစ်ခုမှာ လူကြီးနေရာ ကလေး မလာနဲ့ဆိုပြီး ပါးရိုက်လွှတ်လိုက်သေးတယ်၊ အဲဒါကို အစ်ကိုဖြစ်သူက သူ့ညီကို ခဏခဏ လုပ်နေလို့ မကျေနပ်တာနဲ့ ဓားနဲ့ ဝင်ခုတ်တာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

ထိုသို့ ဓားနှင့် ဝင်ခုတ်စဉ် အသတ်ခံရသူနှင့် တစ်ရပ်ကွက်တည်းအတူ နေထိုင်ပြီး လက်ဖက်ရည်အတူ ထိုင်သောက်နေသူ အသက် ၂၂ နှစ်အရွယ် ကိုမင်းသူက ဝင်ရောက်ဟန့်တားစဉ် နေမင်းထက်နှင့် လုံးထွေးသတ်ပုတ်ရာမှ ဓားနှင့် ထိုးခံရသဖြင့် နဖူးပြတ်ရှဒဏ်ရာ၊ ညာရင်အုံနှင့် ဘယ်လက် ဖဝါးပွန်းရှဒဏ်ရာများ ရရှိကာ မြောက်ဥက္ကလာပဆေးရုံတွင် အတွင်းလူနာ (မစိုးရိမ်ရ) အဖြစ် တင်ပို့ကုသခဲ့ရကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ဓားခုတ်ခံရမှုကြောင့် အသက် ၂၈ နှစ်အရွယ် ဆန်းဝင်းအောင်(ခ)ဂွေးသီးတွင် လည်ပင်းပြတ်ရှဒဏ်ရာ၊ နောက်ကျောထိုးသွင်း ဒဏ်ရာများဖြင့် သေဆုံးခဲ့ပြီး အသက် ၂၂ နှစ်အရွယ် မင်းသူတွင် ပြတ်ရှဒဏ်ရာများ ရရှိခဲ့သဖြင့် ပြစ်မှုကျူးလွန်သည်ဟု ဆိုသော ညီအစ်ကို နှစ်ဦးကို မြောက်ဥက္ကလာပ မြို့မရဲစခန်းက (ပ) ၁၀၄၀/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။                                  

J-16