News

POST TYPE

NEWS

ထရမ့်နှင့် ကင်ဂျုံအန်း သူငယ်တန်းကလေးများနှင့် တူသည်ဟု ရုရှားနိုင်ငံ ဝေဖန်
နယူးယောက်-မော်စကို၊ စက်တင်ဘာ ၂၃

သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့အကြား တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပုတ်ခတ်ပြောဆိုနေမှုများနှင့် ပတ်သက်၍ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ၎င်းတို့နှစ်ဦးသည် သူငယ်တန်းမှ ကလေးငယ်များနှင့် တူနေသည်ဟု ဝေဖန်သုံးသပ်လိုက်ကြောင်း  BBC သတင်းဌာနက ရေးသားဖော်ပြထားသည်။ 

မြောက်ကိုရီးယားကို တိုက်ခိုက်ချေမှုန်းမည်ဟု ထရမ့်က ခြိမ်းခြောက်ပြောဆိုလိုက်ပြီးနောက် ကင်ဂျုံအန်းက ထရမ့်ကို ရူးကြောင်ကြောင် ဖြစ်နေပြီး စိတ်မူမမှန်သူတစ်ဦးအဖြစ် ဝေဖန်တိုက်ခိုက်ခဲ့သည်။ 
ထို့နောက် ထရမ့်က ၎င်း၏Twitter အကောင့်တွင် ကင်ဂျုံအန်းသည် တစ်ကြိမ်တစ်ခါမျှ မစမ်းသပ်ဖူးသော ပုံစံမျိုးဖြင့် စမ်းသပ်ခံရမည့် အရူးတစ်ယောက် ဖြစ်သည်ဟု တုံ့ပြန်ရေးသားခဲ့သည်။ 

ထိုသို့ အပြန်အလှန် ပုတ်ခတ်ပြောဆိုနေမှုများနှင့် ပတ်သက်၍ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရော့ဗ်က ခေတ္တခဏတာမျှ နှုတ်ဆိတ်နေရန် လိုအပ်သည်ဟု တိုက်တွန်းပြောကြားသည်။ 

“ဟုတ်ပါတယ်၊ မြောက်ကိုရီးယားရဲ့ စစ်ရေးအင်အား တိုးချဲ့မှုတွေကို အသံတိတ်ပြီး စောင့်ကြည့်နေဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့လည်း ကိုရီးယားကျွန်းဆွယ်ကို စစ်ဆင်နွှဲဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူးလေဗျာ” ဟု ဆာဂျီလာရော့ဗ်က ပြောကြားသည်။ 

မြောက်ကိုရီးယား ပြဿနာအတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ အရေးပါသော နိုင်ငံရေးလုပ်ငန်းစဉ်တစ်ရပ် ပေါ်ထွန်းရန် လိုအပ်သည်ဟု ၎င်းက အကြံပေး ပြောကြားသည်။ 

“သူငယ်တန်းကလေးတွေ ရန်စဖြစ်ကြပြီး ဘယ်သူကမှ အဲဒီရန်ပွဲကို ရပ်ဆိုင်းသွားအောင် မလုပ်နိုင်သေးတဲ့အချိန်မှာ ကျွန်တော်တို့အနေနဲ့ တရုတ်နိုင်ငံနဲ့အတူ လက်တွဲပြီး စိတ်လိုက်မာန်ပါ လုပ်ရပ်မျိုး မဟုတ်ဘဲ ဆင်ခြင်တုံတရားရှိတဲ့ ချဉ်းကပ်မှုမျိုး ထွက်ပေါ်လာအောင် ကြိုးစားသွားကြမယ်” ဟုဆာဂျီလာရော့ဗ်က ဖြည့်စွက်ပြောကြားသည်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ကုလသမဂ္ဂ၌ ပထမဆုံးအကြိမ် မိန့်ခွန်းပြောကြားရာ၌ အကယ်၍ အမေရိကန်နှင့် မဟာမိတ်များကို အန္တရာယ်ပြုလာမည် ဆိုပါက မြောက်ကိုရီးယားနိုင်ငံကို တိုက်ခိုက်ချေမှုန်းသွားမည်ဟု ဆိုခဲ့ပြီး ကင်ဂျုံအန်းကို ရော့ကက်လူသားအဖြစ်  လှောင်ပြောင်ပြောဆိုခဲ့သည်။ 

“ကင်ဂျုံအန်းဟာ မိမိကိုယ်မိမိ သေကြောင်းကြံစည်နေတဲ့ ရော့ကက် လူသားတစ်ယောက်ပါပဲ” ဟု ထရမ့်က ထိုးနှက်ပြောဆိုခဲ့သည်။ 

ယင်းစကား ထွက်ပေါ်လာပြီးနောက် ကင်ဂျုံအန်းကလည်း မိမိသည် ရူးနှမ်းနေသော အမေရိကန်သမ္မတကြောင့် မြောက်ကိုရီးယားအတွက် လက်နက်များ တပ်ဆင်ထုတ်လုပ်ခွင့်ရှိသည် ဟူသော အချက်ကို ယုံကြည်လက်ခံလာကြောင်း တုံ့ပြန်ခဲ့သည်။ 

F-01