POST TYPE

NEWS

နေပြည်တော် ခုတင်တစ်ထောင်ဆေးရုံ လုံခြုံရေးနှင့် စည်းကမ်း တင်းကြပ်မည်
23-Sep-2017 tagged as နေပြည်တော်

နေပြည်တော်၊ စက်တင်ဘာ ၂၃

နေပြည်တော် ခုတင်တစ်ထောင် ပြည်သူ့ဆေးရုံကို လုံခြုံရေးစီမံမှုများ တင်းကျပ်၍ လုံခြုံရေးဝန်ထမ်းဦးရေ တိုးမြှင့်ပြောင်းလဲမည်ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

စက်တင်ဘာ ၂၂ ရက်နေ့ နေပြည်တော်ခုတင်တစ်ထောင်ဆေးရုံတွင် ပြုလုပ်သည့် လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်း အသိပေး ရှင်းလင်းပွဲတွင် ၎င်းတို့က မီဒီယာများကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ယင်းဆေးရုံတွင် အတွင်းလူနာ၊ အပြင်လူနာနှင့် ဧည့်သည်လူဦးရေ နေ့စဉ် ၁၀ဝ၀ ခန့် အဝင်အထွက် ရှိနေသောကြောင့် လက်ရှိရှိနေသော လုံခြုံရေး ဝန်ထမ်းဦးရေဖြင့် နိုင်နင်းအောင် ဆောင်ရွက်နိုင်ခြင်း မရှိကြောင်း၊ လုံခြုံရေးအင်အားဖြင့် ဆေးရုံတွင်း ဝင်ရောက်သည့် လူနာ၊ လူနာစောင့်နှင့် လာရောက် သည့်ဧည့်သည်များ၏ စည်းကမ်းလိုက်နာမှုမရှိသည့်ကိစ္စများကို ဖြေရှင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်သီတာလှက ဆိုသည်။

လုံခြုံရေး အဆင့်မြှင့်တင်ရန် တင်ဒါ ခေါ်ယူခဲ့ပြီး တင်ဒါအောင်သည့် ကုမ္ပဏီမှ လုံခြုံရေး ၄၂ ဦးဖြင့် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ တာဝန်ယူ လုပ်ဆောင်ရန် ရည်ရွယ်ထားကြောင်း၊ ယင်းလုပ်ငန်းအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ခွင့်ပြုချက်ဖြင့် တစ်လလျှင် ကျပ် ၅၆ သိန်းကို ကျန်းမာရေး ရန်ပုံငွေမှ သုံးစွဲသွားမည်ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ယင်းဆေးရုံကြီးတွင် လူအဝင် အထွက် စည်းကမ်းမရှိခြင်း၊ ဆိုင်ကယ် ပျောက်ဆုံးခြင်း၊ စည်းကမ်းမဲ့ ဈေးသည်၊ စည်းကမ်းမဲ့ လူနာစောင့်များကြောင့် တာဝန်ကျ ဆရာဝန်များအတွက် အနှောင့်အယှက်ဖြစ်သည့် ကိစ္စရပ်များ အပါအဝင် လူနာဆောင်အတွင်း ပစ္စည်းပျောက်သည့်ကိစ္စများ ရှိလာသောကြောင့် လုံခြုံရေး တိုးမြှင့် ဆောင်ရွက်ရခြင်းဖြစ်ကြောင်း နေပြည်တော် ကောင်စီဝင် ဦးတင်ထွန်းက ပြော သည်။

လုံခြုံရေးဆိုင်ရာ ငှားရမ်းမှုစာချုပ်ကို ယခုလကုန်ပိုင်းတွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆေးရုံဝင်းအတွင်း စည်းကမ်းဆိုင်ရာ ချမှတ်ခြင်းများကို အောက်တိုဘာ တစ်လအတွင်း ပညာပေးလုပ်ငန်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။

ဆေးရုံအတွင်း လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များမှာ ဥပမာအားဖြင့် ယာဉ် အဝင်အထွက်၊ လူနာစောင့် အဝင်အထွက်များကို သက်သေခံ ကတ်ပြားတစ်ခုခုဖြင့် ဂိတ်ဝတွင်ထားရှိပေး၍ ဝင်ထွက်ခွင့်ပြုရန် စီစဉ်ထားပြီး လိုအပ်မှုရှိပါက အကြံပြု ချက်များပေးနိုင်ရန် ဆေးရုံအတွင်းစီမံ လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ယင်းအစီအစဉ်ကိုပြုလုပ်ရန် ပထမဦးစွာ တင်ဒါစာချုပ်ကို မတ်လအထိ ၆ လ ချုပ်ဆိုရန်စီစဉ်ထားပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင်လည်း စည်းမျဉ်းစည်းကမ်းနှင့်အညီ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။

S-01