POST TYPE

NEWS

YBS ယာဉ်လိုင်းများ အများပိုင်ကုမ္ပဏီအဖြစ် အောက်တိုဘာနောက်ဆုံး ပြောင်းရမည်
23-Sep-2017 tagged as


ရန်ကုန်၊ စက်တင်ဘာ ၂၃

ရန်ကုန်မြို့တွင်း တစ်ဦးတည်းပိုင် ပြေးဆွဲနေသော YBS ယာဉ်လိုင်းများသည် အများပိုင် ကုမ္ပဏီများအဖြစ် အောက်တိုဘာလ နောက်ဆုံး ပြောင်းရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

လက်ရှိကုမ္ပဏီရှစ်ခုက တာဝန်ယူထားသော ယာဉ်လိုင်း ကုမ္ပဏီ ၃၂ ခု အနက် ၁၅ ခုသည် ယာဉ်လိုင်းတာဝန်ခံ ကုမ္ပဏီအဖြစ် ပြေးဆွဲလျက်ရှိပြီး အများပိုင်ကုမ္ပဏီစနစ် ကျင့်သုံးခြင်း မရှိသေးသည့်အတွက် အမြန်ဆုံး ဆောင်ရွက်စေခြင်းဖြစ်သည်။ 

“YBS ယာဉ်လိုင်းတွေထဲမှာ တစ်ဦးပိုင် ပြေးဆွဲနေတာတွေ ရှိတယ်။ အဲဒါတွေ မြန်မြန် အများပိုင်ဖွဲ့စည်းမှ ဆက်လုပ်ရမယ့် လုပ်ငန်းတွေ ရှေ့ဆက်နိုင်မှာ ဖြစ်တယ်”ဟု ဒေါ်နော်ပန်းသဉ္ဇာမျိုးက ဆိုသည်။

သတ်မှတ်ကာလအတွင်း အများပိုင်ဖွဲ့စည်းနိုင်ခြင်း မရှိသည့်ကုမ္ပဏီများအနေနှင့် YBS ယာဉ်လိုင်း ပြေးဆွဲခွင့် ပိတ်သိမ်းမည်ဖြစ်ပြီး ၎င်းက ဆက်လက် ပြောကြားသည်။ 

“အများပိုင်ကုမ္ပဏီ မဖြစ်သရွေ့ကတော့ ယာဉ်လိုင်း ပြိုင်ဆိုင်မှုတွေဆိုတာ ရှိနေဦးမှာပဲ။ အဓိက လိုချင်တာ ပြိုင်မောင်းတာ မဟုတ်ဘူး။ စုပေါင်း ရှာဖွေပြီးရတဲ့ ဝင်ငွေကို စုပေါင်းပြီး ပြန်ခွဲဝေယူစေချင်တာ။ အများပိုင်ဖြစ်မှ တာဝန်ယူမှု၊ တာဝန်ခံမှု၊ အရေးယူမှုတွေက ထိရောက်မယ်လို့ထင်တယ်”ဟု ၎င်းက ဆိုသည်။
 
သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စုပေါင်း ဖွဲ့စည်းထားသည့် ယာဉ်လိုင်း ကုမ္ပဏီရှစ်ခုမှာ (၁) ဗန္ဓုလ သယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ၊ (၂) Omni Focus Services နှင့် Tran Link ကုမ္ပဏီ၊ (၃) BRT-Lite ရန်ကုန်ဘတ်စ် ကားအများပိုင်၊ မြောက်ပိုင်းသားနှင့် ရွှေ မြို့တော်ယာဉ်လိုင်းကုမ္ပဏီ၊ (၄) ရန်ကုန် မြို့ပြအများပြည်သူ သယ်ယူပို့ဆောင်ရေး (YUPT) ကုမ္ပဏီ၊ (၅) Power Eleven အများပိုင်၊ အမြဲစိမ်း၊ Lucky Family ၊ ရွှေပြည်သာယာယာဉ်လိုင်းကုမ္ပဏီ၊ (၆) SRT ယာဉ်လိုင်း၊ စံဝေလယာဉ်လိုင်းနှင့် ရွှေအင်းဝယာဉ်လိုင်းကုမ္ပဏီ၊ (၇) ခေတ် သစ်ဘုရင့်နောင်နှင့် မြောက်ပိုင်းခရိုင် ယာဉ်လိုင်းကုမ္ပဏီ (၈) စီးတီးဒိုင်နာ၊ အနာဂတ် အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၊ ထက်မြတ်သူ၊ တောင်ပိုင်း ခရိုင်၊ ကုန်းဘောင်ယာဉ်လိုင်း ကုမ္ပဏီတို့ ဖြစ်သည်။

လက်ရှိ YBS ယာဉ်လိုင်းတွေကို တာဝန်ယူပြေးဆွဲနေသည့် ကုမ္ပဏီ အစုအဖွဲ့ ရှစ်ခုအနက် ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သော ကုမ္ပဏီ YBPC၊ ဗန္ဓုလသယ်ယူပို့ဆောင်ရေးကုမ္ပဏီ၊ ရန်ကုန်မြို့ပြ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ YUPT၊ Omini Focusကုမ္ပဏီ၊ Power Eleven ကုမ္ပဏီ၊ Tranks Link ကုမ္ပဏီတို့သည် အများပိုင်ကုမ္ပဏီအဖြစ် ပြေးဆွဲနိုင်ခြင်း ကျန်ယာဉ်လိုင်း ကုမ္ပဏီများသည် အများပိုင် ကုမ္ပဏီအဖြစ် ပြေးဆွဲနိုင်ခြင်း မရှိကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

လက်ရှိ ကုမ္ပဏီလက်အောက်တွင် တစ်ဦးတည်းပိုင် ယာဉ်ပိုင်ရှင်များ ရှိနေသည့်အတွက် တိုင်းအစိုးရအဖွဲ့က သတ်မှတ်ချိန်အတွင်း အများပိုင် ဖွဲ့စည်းရန် ညွှန်ကြားခြင်းဖြစ်ကြောင်း ခေတ်သစ် ဘုရင့်နောင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ တာဝန်ခံတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်း ၉၀ ကျော်ရှိပြီး ယာဉ်စီးရေ ၄၀ဝ၀ ကျော်အနက် စစ်တမ်းကောက်ယူချက်အရ တစ်ဦးတည်းပိုင်ယာဉ်စီးရေ ၁၀ဝ၀ ကျော် ပါဝင်နေကြောင်း YRTA  ထံမှ သိရသည်။

J-06

  • TAGS