News

POST TYPE

NEWS

မန္တလေးကားဈေးကွက် ဈေးကျသော်လည်း အရောင်းအဝယ်အေး
23-Sep-2017 tagged as မန္တလေး


မန္တလေး၊ စက်တင်ဘာ ၂၃

မန္တလေးမြို့တော် ကားဈေးကွက် စက်တင်ဘာလအတွင်း ကားဈေးကျနေသော်လည်း အရောင်းအဝယ်အေးနေကြောင်း မန္တလေးမြို့ခံ မော်တော်ယာဉ် အရောင်းအဝယ် အကျိုးဆောင်များထံမှ သိရသည်။ 

“ညာမောင်းတွေ တင်သွင်းခွင့် မပြုတော့ဘူးဆိုတဲ့ သတင်းတွေကြောင့် အရောင်းအဝယ် အေးသွားတယ်။ နိုင်ငံရေး အခြေအနေရော ကားတင်သွင်းခွင့် မူဝါဒ အပြောင်းအလဲတွေကြောင့် ကားဈေးကွက်ကို စောင့်ကြည့်နေတဲ့သူတွေ များတယ်”ဟု အကျိုးဆောင် ဦးကျော်က ပြောကြားသည်။

မန္တလေးမြို့တော် ကားဈေးကွက်အတွင်း အရောင်းအဝယ် အဖြစ်ဆုံးဖြစ်ပြီး Free Permit ဖြင့် တင်သွင်းခွင့်ရှိသည့် အင်ဂျင်ပါဝါ ၁၅၀ဝ စီစီရှိ ကားအမျိုး အစားများနှင့် အင်ဂျင်ပါဝါ (၆၆၀) စီစီရှိ ခွေးဘီလူး (Mini Truck) ကားများ လည်း အရောင်းအဝယ် အေးလျက်ရှိကြောင်း မန္တလေးကားဈေးကွက်အတွင်းမှ သိရသည်။

“မူဝါဒ အပြောင်းအလဲတွေကြောင့် အခွန်နှုန်းတွေ မြင့်နေတော့ ဈေးကွက်က အေးပေမယ့် ဘယ်သူမှ ဈေးချမရောင်းဘူး”ဟု မန္တလေးမြို့ခံ မော်တော်ယာဉ် အကျိုးတော်ဆောင် ဦးဝင်းမြင့်ဦးက ပြောကြားသည်။

ဩဂုတ်လအတွင်းက ခွေးဘီလူး ကားတစ်စီးလျှင် ကျပ်သိန်း ၈၀ ခန့် ပေါက်ဈေးရှိခဲ့ရာမှ စက်တင်ဘာလ နောက်ဆုံးပတ်တွင်မူ ကျပ် ၆၅ သိန်းခန့်သာ ဈေးရတော့ကြောင်း၊ မော်တော်ယာဉ် အမျိုးအစား အားလုံး ကျပ် ၁၅ သိန်းမှ သိန်း ၂၀ အထိ ဈေးကျသွားကြောင်း မန္တလေးမြို့ လမ်း ၆၀ ကားရောင်းဝယ်ရေး စခန်းထံမှ သိရသည်။ 

ဝင်းရွှေရည်ဦး