News

POST TYPE

NEWS

အိန္ဒိယသို့ G to G စနစ်ဖြင့် ယခုနှစ်အတွင်း ပဲပို့နိုင်ရေး လုပ်ဆောင်

ရန်ကုန်၊ စက်တင်ဘာ ၂၃

အစိုးရချင်း သဘောတူစနစ် (G to G) ဖြင့် လက်မှတ်ထိုး၍ ယခုဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံတင်ပို့နိုင်ရေးအတွက် လုပ်ဆောင်နိုင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်းတို့က လုပ်ဆောင်လျက်ရှိကြောင်း ယင်းအသင်းထံမှ သိရသည်။

ထိုသို့ လက်မှတ်ရေးထိုးနိုင်ရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးနှင့် ညှိနှိုင်း လုပ်ဆောင်လျက်ရှိပြီး အိန္ဒိယအစိုးရနှင့် ရန်ကုန် သို့မဟုတ် အိန္ဒိယနိုင်ငံတွင် တွေ့ဆုံနိုင်ရေး လုပ်ဆောင်နေကြောင်း ယင်းအသင်းထံမှ သိရသည်။

“ကျွန်တော်တို့ G to G လက်မှတ် ထိုးနိုင်ဖို့ လုပ်နေပါတယ်”ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးထွန်းလွင်က ပြောဆိုသည်။

ပဲစင်းငုံကို ယခုဘဏ္ဍာနှစ် ဧပြီလ ၁ ရက်မှ မတ်လ ၃၁ ရက်နေ့ထိ တန်ချိန် နှစ်သိန်းသာ တင်ပို့ရန်၊ မတ်ပဲနှင့် ပဲတီစိမ်းတို့ကို ယခုဘဏ္ဍာနှစ်အတွင်း တန်ချိန် သုံးသိန်းစီသာ တင်ပို့ရန် အိန္ဒိယနိုင်ငံက ကြေညာခဲ့ရာ ယင်းသတ်မှတ် ပမာဏများမှာ တင်ပို့ပြီးဖြစ်သည့်အတွက် မြန်မာ့ပဲဈေးကွက်ကို ဂယက်ရိုက်စေခဲ့သည်။

သို့သော် G to G စနစ်ဖြင့် တင်ပို့နိုင်မည့် အခွင့်အရေး ရှိနေသည့်အတွက် ယခုဘဏ္ဍာနှစ်အတွင်း ယင်းစနစ်ဖြင့် တင်ပို့ခွင့်ရနိုင်ရေး မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပါဝင်သည့် ပဲမျိုးစုံတင်ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး အထူးလုပ်ငန်းအဖွဲ့က လုပ်ဆောင်လျက်ရှိသည်။

“အဲဒါကြောင့် ကျွန်တော်တို့ G to G စနစ်နဲ့ ပို့နိုင်ဖို့လုပ်နေတယ်။ ဒါပေမဲ့ သူတို့ရဲ့ ကန့်သတ်ကာလဖြစ်တဲ့ မတ်လ ၃၁ ရက်ပြီးရင် သူတို့က ဘယ်လိုလုပ်မလဲဆိုတာ မသိရသေးဘူး။ အဲဒါကတော့ သူတို့ရဲ့ ဒီနှစ် ပဲထွက်နှုန်းပေါ် မူတည်မယ်”ဟု စီးပွား/ကူးသန်း ဝန်ကြီးဌာနမှ အကြီး တန်းအရာရှိတစ်ဦးက ပြောဆိုသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့သည် လက်ရှိဖြစ်ပေါ်နေသည့် ပဲကိစ္စကို ရေတိုရေရှည် နည်းနှစ်မျိုးဖြင့် ဖြေရှင်းနိုင်ရေး လုပ်ဆောင်လျက်ရှိကြောင်း ၎င်းက ဆိုသည်။

လက်ရှိ ပြည်တွင်း ပဲမျိုးစုံဈေးကွက်အတွင်း၌ ပဲစင်းငုံ တန်တစ်သိန်းခန့်၊ မတ်ပဲ တန်သုံးသိန်းခန့်နှင့် စိုက်ပျိုးပြီး ပဲစင်းငုံမှာ တန်သုံးသိန်းခန့် ရှိနေသေးကြောင်း မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းထံမှ သိရသည်။

S-04