News

POST TYPE

NEWS

စည်ပင်နယ်နိမိတ်ပြင်ပ မြို့နယ်များနှင့် ကိုကိုးကျွန်းတွင် စက်မှုဇုန်များ ဖော်ဆောင်မည်
ရန်ကုန်၊ စက်တင်ဘာ ၂၃

ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်ပြင်ပရှိ မြို့နယ် ၁၂ မြို့နယ်နှင့် ကိုကိုးကျွန်းတို့တွင် စက်မှုဇုန်များ၊ စီးပွားရေးဇုန်များ အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။

ရန်ကုန်မြို့ရှိ ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် UMFCCI ၌ ယနေ့ (စက်တင်ဘာလ ၂၃ ရက်) က ဒုသမ္မတ ဦးမြင့်ဆွေနှင့် ပုဂ္ဂလိကကဏ္ဍ ကိုယ်စားလှယ်များ ဒသမအကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲတွင် ယင်းသို့ ပြောကြားခဲ့သည်။

လက်ရှိအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး စည်ပင်နယ်နိမိတ်အတွင်း စက်မှုဇုန်များ အကောင်အထည်ဖော် ဆောင်ရွက်ထားပြီး ဖြစ်သော်လည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်မီး အပြည့်အဝ ရရှိရန်၊ လမ်းပန်းဆက်သွယ်ရေး၊ ရေဆိုးစနစ်များနှင့် အမှိုက်စွန့်ပစ်မှုများတွင် လိုအပ်ချက်များ ရှိနေကြောင်း ၎င်းက ဆိုသည်။

“ရန်ကုန်စည်ပင်နယ်နိမိတ် ပြင်ပမှာရှိတဲ့ ၁၂ မြို့နယ်တွေမှာ စက်မှုဇုန် အသေးစားတွေ ထူထောင်ဖို့ ပြင်ဆင်ထားပါတယ်။ ဘာကြောင့်လဲဆိုရင် ရန်ကုန်မြို့ကိုပဲ လူတွေ ပြုံတိုးဝင်လာနေတဲ့ အခြေအနေကနေ ရန်ကုန်မြို့ရဲ့ပြင်ပမှာပါ စက်မှုလုပ်ငန်းတွေ ထူထောင်နိုင်ဖို့ ကြိုးစားတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောဆိုသည်။

ယင်းအပြင် ကိုကိုးကျွန်း၏ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းလာစေရန် အဆင့်မြှင့်သွားမည် ဖြစ်ပြီး ရေထွက်ကုန်များ ဖြစ်သော ငါးနှင့် ပုစွန်မွေးမြူရေး လုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီး အတွင်းတွင် တိုးမြှင့်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရထံမှ သိရသည်။

J-01