POST TYPE

NEWS

ဖြူးတွင် ၆ ဘီးယာဉ်ဖြင့် တင်ဆောင်လာသည့် ကျွန်းသစ်ခွဲသား ၄ တန်ကျော် ဖမ်းမိ
22-Sep-2017 tagged as သစ်တော

တောင်ငူ၊ စက်တင်ဘာ၂၂

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဝဲဒေါင့်ကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်းဟောင်းပေါ်တွင် စက်တင်ဘာလ ၂၁ ရက်နေ့ ည ၁၁ နာရီ ၄၅ မိနစ်ခန့်က တရားမဝင် ကျွန်းသစ်ခွဲသား ၄ တန်ကျော်ကို တင်ဆောင်လာသည့် ၆ ဘီးယာဉ် တစ်စင်းကို ဖမ်းဆီးရမိခဲ့သည်ဟု ဖြူးမြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

“သတင်းအရ သွားရောက်စစ်ဆေးဖမ်းဆီးခဲ့ရာက ယာဉ်မောင်းနဲ့ တရားမဝင် သစ်တွေကို ဖမ်းဆီးရမိခဲ့တာပါ။ ရန်ကုန်ဘက်ကို သွားတာလို့ သိရတယ်” ဟု ဖြူးမြို့မ ရဲစခန်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါနေ့ ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ဖြူးမြို့နယ် ဝဲဒေါင့်ကျေးရွာအနီး ရန်ကုန်-မန္တလေး လမ်ဟောင်းပေါ်တွင် မသင်္ကာဖွယ် ၆ ဘီးယာဉ် တစ်စင်းကို ဖြူးမြို့မ ရဲစခန်း တာဝန်ရှိသူများနှင့် သစ်တောဌာန တာဝန်ရှိသူများ သွားရောက်စစ်ဆေးရှာဖွေရာမှ ကားပေါ်တွင် တာပေါ်လင် မိုးကာစ အပြာရောင်ဖြင့် ဖုံးအုပ်တင်ဆောင်လာသည့် တရားမဝင် ကျွန်းသစ်ခွဲသား ၆၀ ချောင်း စုစုပေါင်း သစ်တန်ချိန် လေးတန်ကျော်နှင့်အသက် ၃၃ နှစ်အရွယ် ယာဉ်မောင်း ဦးထွန်းထွန်းဆိုသူကို ဖမ်းဆီးရမိခဲ့သည်ဟု ဖြူးမြို့မ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

ယင်းအမှုနှင့် ပတ်သက်ပြီး ယာဉ်မောင်းထွန်းထွန်းကို ဖြူးမြို့မရဲစခန်းမှ (ပ) ၃၈၀/ ၂၀၁၇ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင်ရှောက်ရေး ဥပဒေပုဒ်မ ၆ ၁ ဖြင့် ဖမ်းဆီးအမှုဖွင့်လှစ်စစ်ဆေးဆောင်ရွက်နေသည်ဟု အဆိုပါ ရဲစခန်းမှ စုံစမ်းသိရှိရသည်။

R-15
ဓာတ်ပုံ - ဖြူးမြို့နယ်​သစ်​​တောဦးစီးဌာန