News

POST TYPE

NEWS

ခုတင် ၅၀၀ ဆေးရုံရှေ့တွင် ဈေးသည်အချင်းချင်း ဓားထိုးမှုဖြစ်
22-Sep-2017 tagged as ဓားထိုးမှု

ရန်ကုန်၊ စက်တင်ဘာ ၂၁ 

လမ်းမတော်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ ခုတင် ၅၀၀ ဆေးရုံရှေ့ ဝင်ပေါက်ဘေးတွင် စက်တင်ဘာလ ၂၀ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က ဈေးသည်အချင်းချင်း နေရာလုရာမှ ဓားထိုးမှု ဖြစ်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

“ဘေးနားကဈေးသည်တွေ ပြောတာကတော့ ဈေးရောင်းချဖို့ နေရာလုရင်း ဖြစ်တာလို့ ပြောတယ်၊ ဓားနဲ့ထိုးသွားတဲ့ သူကလည်း ထွက်ပြေးနေတုန်း၊ ဒီနေ့အထိ ဖမ်းမိသေးဘူး၊ ဓားထိုးခံရတဲ့သူက ဒဏ်ရာက များပေမယ့် မစိုးရိမ်ရပါဘူး၊ ပြစ်မှုကျူးလွန်တဲ့သူ ဖမ်းမိမှပဲ ဖြစ်ရတဲ့ အကြောင်းအရင်းကို တိတိကျကျ သိရမှာပါ” ဟု လမ်းမတော်မြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

ဓားထိုးခံရသူမှာ သာကေတမြို့ နယ်၊ ရန်ပြေရပ်ကွက်တွင် နေထိုင်သူ အသက် ၂၆ နှစ်အရွယ်  စိုင်းဝင်းထွန်းဆိုသူ ဖြစ်ပြီး လည်ပင်းဘယ်ဘက် ထိုးသွင်းဒဏ်ရာတစ်ချက်၊ နောက်ကျော ဘယ်/ညာထိုးသွင်းဒဏ်ရာ၊ ဘယ်လက်မောင်း ဘေးပြတ်ရှဒဏ်ရာ နှစ်ချက်၊ ဘယ်ဘက် ချိုင်းအောက်ပြတ်ရှဒဏ်ရာ တစ်ချက် ရရှိထားသည်ကို တွေ့ရှိခဲ့ရကြောင်း အမှုဖွင့် တိုင်ကြားချက်အရ ယင်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ဓားနှင့်ထိုးပြီး ထွက်ပြေးတိမ်းရှောင်နေသူမှာ လမ်းမတော်မြို့နယ်၊ အမှတ် (၉) ရပ်ကွက်၊ သူနာပြုတက္ကသိုလ် တိုးချဲ့ဝင်းတွင် နေထိုင်သူ အသက် ၄၄ နှစ်အရွယ် ကိုတင်ဦး (ခ)ကျနန်းကို လမ်းမတော် မြို့မရဲစခန်းက (ပ) ၁၃၉/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။

J 16