News

POST TYPE

NEWS

ဟိန္ဒူဘာသာရေးပွဲနှင့် ချိတ်ဆက်ကြော်ငြာသည့် ကွန်ဒုံးကြော်ငြာ ပိုစတာများကြောင့် အိန္ဒိယပြည်သူများ အမျက်ဒေါသထွက်
22-Sep-2017 tagged as အိန္ဒိယ

ဒေလီ၊ စက်တင်ဘာ ၂၁ 

အိန္ဒိယနိုင်ငံတွင် ကွန်ဒုံးများ ရောင်းချလျက်ရှိသည့် နာမည်ကျော် ကုမ္ပဏီတစ်ခုသည် ဟိန္ဒူဘာသာရေးပွဲတော်တစ်ခု မတိုင်မီ ဘာသာရေး ကွန်ဆာဗေးတစ် အင်အားစုများ၏ ကန့်ကွက်ဆန္ဒပြမှုများကြောင့် ကွန်ဒုံးကြော်ငြာ ပိုစတာများနှင့် Billboard များကို အရေးတကြီး လိုက်လံဖြုတ်ချခဲ့ရကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။ 

Manforce အမှတ်တံဆိပ် ကွန်ဒုံးသည် အိန္ဒိယတွင် နာမည်ကျော်ကြားမှု ရရှိထားသော်လည်း အနောက်ပိုင်း ဂူဂျာရက်ပြည်နယ်တွင် ကျင်းပရန်ရှိသော နာဗရာထရီအမည်ရ ဟိန္ဒူဘာသာရေးပွဲတော် မတိုင်မီ ဆန္ဒပြမှုများ ပေါ်ပေါက်ခဲ့သောကြောင့် အဆိုပါ ကွန်ဒုံးကြော်ငြာများကို ကုမ္ပဏီက လိုက်လံဖြုတ်ချနေရသည်။ 

အဆိုပါ ကွန်ဒုံးကြော်ငြာအတွက် ဓာတ်ပုံများကို ယခင်အပြာဇာတ်ကားများတွင် သရုပ်ဆောင်ခဲ့ဖူးပြီး ယခုအခါ ဘောလိဝုဒ် သရုပ်ဆောင် မင်းသမီးတစ်ဦးဖြစ်သူ ဆန်နီလီယွန်နှင့် ရိုက်ကူးခဲ့သလို ၎င်းသည် Manforce အမှတ်တံဆိပ်၏ Brand Ambassador တစ်ဦးလည်း ဖြစ်သည်။ 

ကြော်ငြာများတွင် ဆန်နီလီယွန်က “နာဗရာထရီပွဲမှာ ပျော်ပါ၊ ဒါပေမဲ့ အချစ်နဲ့ပျော်မှဖြစ်မယ်” ဟူ၍ ပြောဆိုထားပုံများ ပါရှိသည်ကို ကွန်ဆာဗေးတစ်များ အိန္ဒိယလူမျိုးများက မကျေမနပ်ဖြစ်ကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။ 
၎င်းတို့က အဆိုပါ ကြော်ငြာသည် သားဆက်ခြားလုပ်ငန်းတစ်ခု၏ နိမ့်ကျသော မားကက်တင်းလုပ်မှု တစ်ရပ်သာ ဖြစ်သည်ဟု စွပ်စွဲပြောဆိုသလို လူမှုကွန်ရက်များပေါ်တွင်လည်း ယုတ်ညံ့သည့် ကြော်ငြာအဖြစ် ဝေဖန်ပြောဆိုမှုများ ထွက်ပေါ်လာခဲ့သလို အိန္ဒိယ ကုန်သည်ကြီးများအဖွဲ့ချုပ် (CAIT) သည်ပင် ယင်းကြော်ငြာနှင့် ပတ်သက်၍ အစိုးရထံ တိုင်တန်းခဲ့ပြီး ဖျက်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ 

‘ယင်းကြော်ငြာအစီအစဉ်သည် တာဝန်ယူမှုကင်းမဲ့ပြီး ရင့်ကျက်မှု မရှိသော လုပ်ရပ်ဖြင့် အရောင်းမြှင့်တင်ရေး လုပ်ဆောင်ခြင်း ဖြစ်သည်။ ကျွန်ုပ်တို့၏ ယဉ်ကျေးမှု တန်ဖိုးများကို လောင်းကြေးထပ်ကာ အရောင်းမြှင့်တင်ခြင်း ဖြစ်သည်” ဟု CAIT က စားသုံးသူများဆိုင်ရာ ဝန်ကြီးထံသို့ စာပေးပို့ တိုင်တန်းခဲ့သည်။ 

CAIT ၏ အထွေထွေအတွင်းရေးမှူး ပရာဗင်ခန်ဒဲလ်ဝါက “နာဗရာထရီပွဲတော်ဟာ မိန်းမသားတွေရဲ့ ခွန်အားကို ဖော်ကျူးတဲ့ ဘာသာရေးပွဲတော် တစ်ခုပါ၊ အဲဒီလိုပွဲတော်ကို ကွန်ဒုံးကြော်ငြာနဲ့ ချိတ်ဆက်တာဟာ လုံးဝကို လက်သင့်ခံစရာ မရှိပါဘူး” ဟု ပြောကြားသည်။ 

အဆိုပါ ကြော်ငြာဆိုင်းဘုတ်များတွင် ကွန်ဒုံးဟူသည့် စကားလုံးကို အသုံးပြု ဖော်ပြထားခြင်း မရှိသော်လည်း နာဗရာထရီပွဲတော်တွင် လူငယ်များအား Manforce ကွန်ဒုံး အသုံးပြုရန် ရည်ရွယ်ချက်ရှိရှိ ဖော်ကျူးထားခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

F-01