News

POST TYPE

NEWS

မြန်မာ-တရုတ် နယ်စပ် စီးပွားရေးဇုန်ဖော်ရန် စီစဉ်
ရန်ကုန်၊ စက်တင်ဘာ ၂၁

နှစ်နိုင်ငံ အစိုးရများက သဘောတူညီထားပြီး ဖြစ်သော မြန်မာ-တရုတ် နယ်စပ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ဖော်ဆောင်နိုင်ရန်အတွက် အောက်တိုဘာလဆန်းပိုင်း၌ တရုတ်တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

လတ်တလော ထိုဇုန်ဖော်ဆောင်နိုင်ရန်အတွက် တရုတ်နိုင်ငံဘက်က ညွှန်ကြားရေးမှူးချုပ်အဆင့်ရှိ အဖွဲ့နှင့် မြန်မာနိုင်ငံဘက်ကလည်း ညွှန်ကြားရေးမှူးချုပ် အဆင့်ရှိ အဖွဲ့တစ်ခုစီ ဖွဲ့စည်းခြင်းများ လုပ်ဆောင်နေပြီး ယင်းအဖွဲ့များက အောက်တိုဘာလ၌ မြန်မာနိုင်ငံဘက်တွင် တွေ့ဆုံရန် စီစဉ်နေခြင်း ဖြစ်ကြောင်း ယင်းဝန်ကြီးဌာနထံမှ သိရသည်။

“တရုတ်-မြန်မာ နယ်စပ်တစ်လျှောက်မှာ လုပ်မှာပါ။ ဘယ်နေရာမှာ လုပ်မလဲတော့ သေချာမသတ်မှတ်ရသေးဘူး။ အဲဒီဘက်ဆိုတော့ မူဆယ်-နမ့်ခမ်း-ချင်းရွှေဟော်နယ်စပ် တစ်ခုခု ဖြစ်မယ်” ဟု စီးပွား/ကူးသန်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးတိုးအောင်မြင့်က ပြောဆိုသည်။

ထိုစီးပွားရေးဇုန်အတွင်း မြန်မာနိုင်ငံဘက်က ကုန်ကြမ်းပေး၍ ကုန်ချောအဖြစ် ထုတ်လုပ်ကာ တရုတ်နိုင်ငံဘက်သို့ တင်ပို့ရောင်းချခြင်း၊ မြန်မာနိုင်ငံတွင် သုံးစွဲခြင်းနှင့် အခြားနိုင်ငံများသို့ တင်ပို့ရောင်းချခြင်းများကို ပြုလုပ်မည်ဖြစ်ပြီး ယင်းဇုန်ဖော်ဆောင်နိုင်ရန် ပုဂ္ဂလိက လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံမှု လုပ်ဆောင်ရမည် ဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။

ယခုနှစ် မေလအတွင်းက မြန်မာအစိုးရ၏ တရုတ်နိုင်ငံ ခရီးစဉ်အတွင်း နှစ်နိုင်ငံ အစိုးရတို့ နယ်စပ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် ဖော်ဆောင်ရန် သဘောတူထားပြီးဖြစ်ရာ မြန်မာနိုင်ငံဘက်က ယင်းဇုန်ကို စီးပွား/ကူးသန်း ဝန်ကြီးဌာနက ဦးဆောင်ဖော်ဆောင်မည် ဖြစ်သည်။

ထိုသို့ စီးပွားရေးဇုန် ဖော်ဆောင်မည်ကို ကြိုဆိုသော်လည်း အစိုးရအနေနှင့် မိမိတို့ တိုင်းရင်းသားကုန်သည်များ အခွင့်အရေး ပိုမိုရရှိစေရေး လုပ်ဆောင်ပေးသင့်ကြောင်း ကုန်သည်အသိုင်းအဝိုင်းက မှတ်ချက်ပြုသည်။

မြန်မာ-တရုတ် ကုန်သွယ်မှုပမာဏသည် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်အတွင်းက အမေရိကန်ဒေါ်လာ ၆ ဒသမ ၁ ဘီလီယံ ရှိခဲ့ပြီး မြန်မာနိုင်ငံမှ ပို့ကုန် ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံနှင့် သွင်းကုန် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကထုတ်ကုန်ဖြစ်သည့် လယ်ယာထွက် ကုန်များကို တစ်နှစ်လျှင် ၈၀ ရာခိုင်နှုန်းခန့်အထိ တင်ပို့ရောင်းချရာ အဓိက ဈေးကွက်ကြီးတစ်ခု ဖြစ်ကြောင်း၊ မူဆယ်နယ်စပ်မှ တင်ပို့နေသော အဓိက လယ်ယာထွက်ကုန် ဖြစ်သည့် ဆန်၊ ပြောင်း၊ နှမ်းတို့ကို မြန်မာနိုင်ငံဘက်က တရားဝင် တင်ပို့နေသော်လည်း တရုတ်အစိုးရဘက်ကမူ တရားဝင် ကုန်စည်များအဖြစ် သတ်မှတ်ထားခြင်း မရှိပေ။

S-04