News

POST TYPE

NEWS

မက္ကဆီကိုတွင် အင်အားပြင်း မြေငလျင် လှုပ်ခတ်၊ လူပေါင်း ၂၁၀ ကျော် သေဆုံး
မက္ကဆီကိုစီတီ၊ စက်တင်ဘာ ၂၀ 

မက္ကဆီကိုနိုင်ငံ အလယ်ပိုင်းကို ဗဟိုပြု၍ အင်အား ၇ ဒသမ ၁ ပြင်းအားရှိ မြေငလျင်ကြီး လှုပ်ခတ်ခဲ့ရာ လူပေါင်း ၁၄၀ ကျော် သေဆုံးခဲ့ရကြောင်း အစိုးရ အာဏာပိုင်များနှင့် ကယ်ဆယ်ရေးအဖွဲ့များက  ပြောကြားသည်။ 

BBC သတင်းဌာန၏ ရေးသားဖော်ပြချက်အရ မြို့တော်မက္ကဆီကိုစီးတီးတွင် အဆောက်အအုံပေါင်း ဒါဇင်နှင့်ချီ၍ ပြိုကျခဲ့ကြောင်း၊ စာသင်ကျောင်းတစ်ကျောင်း ပြိုကျမှုတွင် ကလေးငယ်များ ပိတ်မိလျက်ရှိကြောင်း သိရသည်။

ထို့ပြင် မိုရီလိုနှင့် ပူဘာလာ ပြည်နယ်များတွင်လည်း ထိခိုက်ပျက်စီးမှု မြောက်မြားစွာ ဖြစ်ပေါ်ခဲ့သည်။ 

မြေငလျင်၏ ဗဟိုချက်မှာ ပူဘာလာပြည်နယ် အင်တာစင်ဂိုမြို့အနီးတွင်ဖြစ်ပြီး အနက် ၅၁ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်သွားခြင်း ဖြစ်သည်ဟု အမေရိကန် ဘူမိဗေဒ သုတေသနအဖွဲ့က ပြောကြားသည်။ 

မက္ကဆီကို အရပ်သားကာကွယ်ရေး အေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူက ငလျင်ကြောင့် နိုင်ငံတစ်ဝန်းတွင် လူပေါင်း ၁၄၉ ဦး သေဆုံးသွားကြောင်း ပြောကြားသည်။ 

မက္ကဆီကိုစီးတီးတောင်ပိုင်း မိုရီလိုပြည်နယ်တွင် အနည်းဆုံး လူ ၅၅ ဦး သေဆုံးပြီး ပူဘာလာပြည်နယ်တွင် ၃၂ ဦး သေဆုံးခဲ့သည်။ မက္ကဆီကိုစီတီတွင်မူ ၄၉ ဦး သေဆုံးခဲ့ပြီး မက္ကဆီကိုပြည်နယ်တွင်မူ ၁၀ ဦး သေဆုံးခဲ့ကြောင်း ၎င်းက ဆိုသည်။ 

လက်ရှိအနေအထားတွင် မက္ကဆီကိုစီးတီးရှိ လူပေါင်း ၂ သန်းခန့်မှာ လျှပ်စစ်မီး မရရှိဘဲ နေထိုင်နေကြရပြီး တယ်လီဖုန်းလိုင်းများလည်း ပြတ်တောက်သွားသည်။ ဓာတ်ငွေ့ပိုက်လိုင်းများ ပေါက်ထွက်နေနိုင်ခြင်းကြောင့် မြို့နေပြည်သူများ အနေနှင့်  ဆေးလိပ်မသောက်ကြရန် အစိုးရ အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်ထားသည်။ 

မက္ကဆီကိုစီးတီး မြို့တော်ဝန် မီဂူးအင်ဂျယ်မာဆီရာက ကယ်ဆယ်ရေးအဖွဲ့များသည် ပြိုကျပျက်စီးနေသော အဆောက်အအုံများရှိရာ ၄၄ နေရာတွင် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ရုပ်သံမှတစ်ဆင့် ပြောကြားသည်။ 

ယခုလှုပ်ခတ်သော ငလျင်သည် ပြီးခဲ့ သည့် ၃၂ နှစ်က လှုပ်ခတ်သော ငလျင်ကြောင့် သေဆုံးသူ ထောင်ပေါင်းများစွာအတွက် အထိမ်းအမှတ် အခမ်းအနား ပြုလုပ်စဉ် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။ ငလျင်လှုပ်ခတ်ချိန်၌ ပြည်သူအတော်များများသည် မြေငလျင်ဆိုင်ရာ လေ့ကျင့်မှုကို ပြုလုပ်နေစဉ် ဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။ 

ငလျင်လှုပ်ခတ်မှုအတွက် အချက်ပေးသံများ ထွက်ပေါ်ခဲ့သော်လည်း နေအိမ်မိသားစု အများစုက ငလျင်လေ့ကျင့်မှုအတွက် ပေးသော အချက်ပေးသံ ဖြစ်လိမ့် မည်ဟု ထင်မှတ်ခဲ့ကြကြောင်း သတင်းထောက်များက ပြောကြားသည်။

မက္ကဆီကိုစီးတီးသည် ကမ္ဘာပေါ်တွင် လူနေထူတပ်သိပ်သည်းသည့် မြို့တစ်မြို့ ဖြစ်ပြီး မက်ထရိုပိုလစ်နယ်မြေတွင် လူပေါင်း သန်း ၂၀ ခန့် နေထိုင်လျက်ရှိသည်။ 

မက္ကဆီကိုစီးတီးရှိ ဗြိတိန်နိုင်ငံတကာ စာသင်ကျောင်းမှ ဆရာမတစ်ဦးဖြစ်သူ ဂျနီဖာဆွာဒဲလ်က ငလျင်လှုပ်ပြီးနောက် ၎င်း၏ စာသင်ခန်း ပြိုကျသွားကြောင်း ပြောကြားသည်။ 

မက္ကဆီကိုနှင့် အမေရိကန်ပြည်ထောင်စုအကြား အငြင်းပွားစရာတံတိုင်း တည်ဆောက်မည်ဟု ဆိုထားသူသမ္မတ ဒေါ်နယ်ထရမ့်က မက္ကဆီကိုပြည်သူများကို ဘုရားသခင် စောင့်ရှောက်ပါစေကြောင်း ဆုတောင်းပေးပြီး မက္ကဆီကိုပြည်သူများနှင့်  အမေရိကန်တို့အတူ ရှိနေမည် ဖြစ်ကြောင်း ပြောကြားသည်။ 

ကုလသမဂ္ဂ အထွေထွေညီလာခံ တက်ရောက်နေကြသော ကမ္ဘာ့ခေါင်းဆောင်များကလည်း မက္ကဆီကိုငလျင်အတွက် အထူးပင် ဝမ်းနည်းကြေကွဲရကြောင်း ကြေညာချက်များ အသီးသီး ထုတ်ပြန်ခဲ့ကြသည်။     

F-01