POST TYPE

NEWS

ဆောက်လုပ်ဆဲ တိုက်ခန်း ၇ လွှာမှ ပန်းရန်လုပ်သားတစ်ဦး ပြုတ်ကျသေဆုံး
20-Sep-2017 tagged as ဗိုလ်တထောင်

ရန်ကုန်၊ စက်တင်ဘာ ၂၀

ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၉) ရပ်ကွက်၊ ဗိုလ်မြတ်ထွန်းလမ်းနှင့် ကုန်သည်လမ်းထောင့်ရှိ ဆောက်လုပ်ဆဲ (၁၃) လွှာ တိုက်ခန်းတစ်ခုတွင် စက်တင်ဘာလ ၁၉ ရက်ညနေ ၅ နာရီခွဲခန့်က အသက် ၁၉ နှစ်အရွယ် ပန်းရန်လုပ်သားတစ်ဦး ခုနစ်လွှာမှ ပြုတ်ကျ သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။ 

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၇၈)ရပ်ကွက်၊ စပယ်လမ်းတွင်နေထိုင်သူ ကိုတင့်ဝေနိုင်သည် ယင်းဆောက်လုပ်ဆဲတိုက်ခန်း (၇) လွှာ၌ အုတ်များ စီနေစဉ် တစ်ဖက်မှ လှမ်းပစ်ပေးသော မီးကြိုးခွေအား ဖမ်းယူစဉ် အရှိန်လွန်ကာ စီထားသော အုတ်ရိုးနှင့်တိုက်မိပြီး ပထမ ထပ်သို့ ပြုတ်ကျခဲ့ရာမှ နှာခေါင်း၊ နားတို့မှ သွေးထွက် ဒဏ်ရာများရရှိ၍ သတိလစ် မေ့မြောကာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားသဖြင့် ဗိုလ်တထောင် မြို့မရဲစခန်းက သေမှုသေ ခင်းအမှတ်စဉ် ၁၀/၁၇ ဖြင့် အမှုဖွင့် ဆောင်ရွက်ထားသည်။

“ရန်ကုန်ဆေးရုံကြီးကို ၆ နာရီလောက် ရောက်တယ်၊ ၆ နာရီ ၁၅ မိနစ်လောက်ကျသေသွားတာ၊ အဲဒါကြောင့် ဆေးရုံကြီး မှုခင်းရဲဌာနကနေ ဖုန်းဆက်တာနဲ့ သွားစစ်ဆေးခဲ့တာ၊ သူအလုပ်လုပ်တဲ့ ဆိုက်တာဝန်ခံ အင်ဂျင်နီယာ အမျိုးသမီး ပြောပြတာတော့ ပန်းရန် အလုပ်ကြမ်းသမားတစ်ဦးအဖြစ် ဝင်လုပ်နေတာ၊ သူ့ဇာတိက မကွေးမြို့နယ်၊ ကျူချောင်းကျေးရွာကလို့ သိရတယ်”ဟု အမှုဖွင့် တိုင်ကြားချက်အရ ရန်ကုန်တိုင်းဒေသကြီး ရဲအရာရှိတစ်ဦးက ရှင်းပြသည်။ 

J-16