News

POST TYPE

NEWS

အာဆီယံနိုင်ငံများကြား သဘာဝဘေးခန့်ခွဲမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ပုဂံတွင် ပြုလုပ်မည်
20-Sep-2017 tagged as ပုဂံ

ရန်ကုန်၊ စက်တင်ဘာ ၂၀

အာဆီယံနိုင်ငံများ အပါအဝင် တရုတ်၊ ဂျပန်၊ ကိုရီးယားနိုင်ငံမှ ပညာရှင်များ၏ ယဉ်ကျေးမှုအမွေအနှစ် နယ်မြေများအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အလုပ်ရုံဆွေးနွေးပွဲကို ပုဂံမြို့တွင် ကျင်းပမည်ဖြစ်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။

“သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက်က ပညာရှင်တွေနဲ့ (ASEAN+3Countries) က ပညာရှင်တွေက ယဉ်ကျေးမှုဒေသတွေမှာ ဘေးအန္တရာယ် ကြုံတွေ့ရရင် ဘယ်လို စီမံဆောင်ရွက်တယ် ဆိုတာကို အလုပ်ရုံဆွေးနွေးမှာပါ”ဟု နိုင်ငံတကာ ဆက်ဆံရေးဌာန ညွန်ကြားရေးမှူး ဒေါ်ဌေးဌေးဆွေက ဆိုသည်။

ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ် နယ်မြေများတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန်ခွဲမှုလုပ်ငန်းများကို မျှဝေရန်နှင့် အာဆီယံနိုင်ငံများနှင့် တရုတ်၊ ဂျပန်နှင့် ကိုရီးယားနိုင်ငံများအကြား ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနထံမှ သိရသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာလ ၂၂ ရက်မှ ၂၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး သဘာဝဘေးများဖြစ်သည့် မြေငလျင်၊ ရေကြီးနစ်မြုပ်ခြင်း၊ မိုးရေချိန်များကြောင့် နံရံဆေးရေး ပန်းချီများ ပျက်စီးခြင်း စသည့် အကြောင်းအရာများကို ထည့်သွင်း ဆွေးနွေးမည်ဖြစ်ကြောင်း ဒေါ်ဌေးဌေးဆွေထံက သိရသည်။

ပုဂံဒေသတွင် ၂၀၁၆ ခုနှစ်၊ ဩဂုတ်လ၂၄ ရက်က တိုက်ခတ်ခဲ့သည့် ငလျင်ကြောင့် ဘုရားအဆူပေါင်း ၃၈၉ ဆူ ပျက်စီးထိခိုက်ခဲ့ကြောင်း ရှေးဟာင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ပုဂံဒေသ၏ ငလျင်ဒဏ်သင့် တစ်နှစ်ပြည့်အဖြစ် ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်မှုများတွင် ပါဝင်ဆောင်ရွက်နေသည့် ယူနက်စကို၊ အိန္ဒိယ၊ တရုတ် စသည့်နိုင်ငံများမှ ပညာရှင်များအပြင် ပုဂံဒေသ ငလျင်သင့်မှုအတွက် ပြင်ဆင်ထိန်းသိမ်းရန် ဖွဲ့စည်းထားသည့် ပညာရှင်များပါဝင်သည့်အဖွဲ့များ၊ ပူးပေါင်း ဆောင်ရွက်ခဲ့သည့် ပရဟိတအဖွဲ့များ၏ အလုပ်ရုံဆွေး နွေးပွဲကိုလည်း ဩဂုတ်လ ၂၇ ရက်က ပြုလုပ်ခဲ့သည်။

J-14