News

POST TYPE

NEWS

ဒုက္ခသည်များကို မြန်မာက မဖြစ်မနေ ပြန်ခေါ်ရလိမ့်မည်ဟု ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာ ပြောကြား
ဒါကာ၊ စက်တင်ဘာ ၂၀

မြန်မာပြည်ဘက်မှ အကြမ်းဖက်မှု ဖြစ်စဉ်များနှင့် ဆက်စပ်လျက် ဘင်္ဂလားဒေ့ရှ်ဘက်သို့ တိမ်းရှောင်လာသော ဒုက္ခသည် ၄ သိန်း ၂ သောင်းခန့်ကို မြန်မာနိုင်ငံက ပြန်လည် လက်ခံပါရန် တောင်းဆိုချက်အသစ်အား ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ခ်ဟာစီနာက အဆိုပြုလိုက်ကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

နယူးယောက်မြို့တွင် ပြုလုပ်သော ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက်စဉ် ဘင်္ဂလားဒေ့ရှ် တက်ကြွလှုပ်ရှားသူများနှင့်တွေ့ဆုံပြီး ဝန်ကြီးချုပ် ဟာစီနာက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်ပါသည်။

ပြီးခဲ့သည့် သီတင်းပတ် သုံးပတ်အတွင်း ဖြစ်ပွားခဲ့သည့် အကျပ်အတည်းသစ်နှင့် ပတ်သက်ပြီး နိုင်ငံတကာ ဖိအားများ မြန်မာနိုင်ငံသို့ ပိုမိုပေးပါရန်လည်း ၎င်းက တောင်းဆိုခဲ့သေးသည်။
 
“ကျွန်မတို့ မြန်မာကို ပြောပြီးပါပြီ။ သူတို့ဟာ ရှင်တို့နိုင်ငံသားတွေ ဖြစ်ပါတယ်။ သူတို့ကို ပြန်ခေါ်ရပါမယ်။ လုံခြုံစွာ ထားရပါမယ်။ အမိုးအကာ ပေးရပါမယ်။ ဖိနှိပ်ညှဉ်းပန်းတာတွေ မလုပ်ရပါဘူး”ဟု တွေ့ဆုံပွဲအတွင်း ဝန်ကြီးချုပ်ဟာစီနာက နယူးယောက်တွင် ပြောကြားခဲ့သည်။

ဒုက္ခသည်များကို ပြန်လည် ခေါ်ယူရေးအတွက် မြန်မာကိုစည်းရုံးရန် သံတမန်ရေးဆိုင်ရာ အားထုတ်မှုများလည်း ဆောင်ရွက်သွားမည်ဟု ဝန်ကြီးချုပ်က ပြောကြားထားသည်။

“ဒါပေမဲ့ တောင်းဆိုချက်ကို မြန်မာအစိုးရက ပြန်လည် တုံ့ပြန်ခြင်း မရှိသေးပါဘူး။ ရိုဟင်ဂျာတွေ (မူရင်းပြောဆိုသူ၏ အသုံးအနူန်း) ပြန်လာမှာကို ကာကွယ်တဲ့အနေနဲ့ နယ်စပ်တစ်လျှောက်မှာ မိုင်းတွေ ထောင်နေပါတယ်”ဟု ၎င်းက ဆိုသည်။

ဒုက္ခသည်များကို စိစစ်ပြီး ပြန်လည်လက်ခံသွားမည်ဟု မြန်မာခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးချုပ်ဟာစီနာ၏ တွေ့ဆုံပွဲမတိုင်ခင် အချိန် အနည်းငယ်က ပြောခဲ့သော မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားသွားခဲ့သည်။

ရိုဟင်ဂျာဟုမခေါ်ဘဲ ဘင်္ဂါလီဟု ခေါ်ဆိုရန်အတွက် မြန်မာနိုင်ငံတွင် အစိုးရ အားပေးအားမြှောက်ပြုထားသော လှုပ်ရှားမှုတစ်ရပ်ကို အရှိန်မြှင့်နေကြောင်း ဝန်ကြီးချုပ် ဟာစီနာက ကုလသမဂ္ဂ အထွေထွေ ညီလာခံအတွင်း အစ္စလာမ်နိုင်ငံများ တွေ့ဆုံပွဲတွင်လည်း ပြောကြားခဲ့သည်။ 

ဝန်ကြီးချုပ် ဟာစီနာသည် အကျပ်အတည်းကို လူမျိုးတုံး သတ်ဖြတ်ခြင်းဟု အမည်ပေးကာ ယင်းဖြစ်ရပ်ကြောင့် များပြားလာသော ဒုက္ခသည်များကို မွတ်ဆလင်နိုင်ငံများက လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများ ချက်ချင်း ပေးကြပါရန် ပြောကြားလိုက်သည်ဟု BSS သတင်းဌာန က ဖော်ပြထားသည်။

F-02