News

POST TYPE

NEWS

YPS စနစ်အတွက် နည်းပညာပိုင်းဆိုင်ရာ တင်ဒါ ယှဉ်ပြိုင်ရမည်
20-Sep-2017 tagged as YBS


ရန်ကုန်၊ စက်တင်ဘာ ၂၀

ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် YPS ယာဉ်လိုင်း၌ ကျင့်သုံးမည့် Yangon Payment Services(YPS) ငွေပေးချေကတ်စနစ်အတွက် တင်ဒါပြိုင် ကုမ္ပဏီများသည် နည်းပညာပိုင်းဆိုင်ရာကို ယှဉ်ပြိုင်မည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ဝင် ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဒေါ်နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။

စက်တင်ဘာလ ၁၉ ရက်၊ တိုင်းအစိုးရရုံးတွင် Yangon Payment Services (YPS) ငွေပေးချေကတ်စနစ်နှင့် ပတ်သက်၍ တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်လိုသည့် ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်သည်။

တင်ဒါပြိုင်မည့် ကုမ္ပဏီများသည် တိုင်းအစိုးရ၏ နည်းပညာနှင့် ကုမ္ပဏီ၏ နည်းပညာတစ်ခုခုပေါ် ရွေးချယ် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီ ဒု-ဥက္ကဋ္ဌလည်းဖြစ်သူ ၎င်းက ဆက်လက် ပြောကြားသည်။

“တိုင်းအစိုးရက ကတ်စနစ်နဲ့ပတ်သက်ပြီး စက်တွေကအစ ရှိနေပြီ။ ယာဉ်လိုင်း တစ်ခုချင်းစီရဲ့ မှတ်တိုင်တွေကို ပြုစုထားပြီးပြီ။ တင်ဒါပြိုင်မယ့် ကုမ္ပဏီက YPS တစ်ခုလုံးအတွက် ကိုယ်ပိုင်နည်းပညာနဲ့ပြိုင်မလား၊ အစိုးရနည်းပညာနဲ့ ပြိုင်မလား၊ ဒီနှစ်ချက်နဲ့ ပြိုင်ရမယ်”ဟု ၎င်းက ဆိုသည်။

တင်ဒါလျှောက်လွှာအနေနှင့် A နှင့် B ဟု နှစ်မျိုးခွဲခြားထားမည်ဖြစ်ပြီး ကုမ္ပဏီတစ်ခုလျှင် လျှောက်လွှာတစ်ခုသာ ဝင်ရောက် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ ကုမ္ပဏီပိုင် နည်းပညာဖြင့် ယှဉ်ပြိုင်လိုပါက အချက်အလက် အပြည့်အစုံ တင်ပြရမည်ဖြစ်ကာ စက်တင်ဘာလအကုန် လျှောက်လွှာများ တင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

အဆိုပါတင်ဒါ စိစစ်ရွေးချယ်ခြင်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် အပြီးရွေးချယ်ရန် လျာထားပြီး လက်ရှိယှဉ်ပြိုင်ရန် စာရင်းပေးထားသည့် ကုမ္ပဏီ ၅၄ ခုခန့်ရှိကြောင်း တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီထံမှ သိရသည်။

YBS ယာဉ်လိုင်း၌ Yangon Paymant Services(YPS) ငွေပေးချေကတ်စနစ်ဖြင့် ဆောင်ရွက်ရန် တင်ဒါလျှောက်လွှာများကို ဩဂုတ်လ ၂၅ ရက်က စလက်ခံပြီး စက်တင်ဘာလ ၁၆ ရက်တွင် အပြီးတင်ပြရန် သတ်မှတ်ခဲ့သော်လည်း တင်ဒါဝင်ပြိုင်လိုသည့် ကုမ္ပဏီများက နည်းပညာပိုင်းဆိုင်ရာ မေးခွန်း မေးမြန်းမှုများ ရှိခဲ့သဖြင့် ရှင်းလင်း ဆွေးနွေးခြင်း ဆောင်ရွက်ရန် လကုန်အထိ အချိန်တိုးမြှင့်ပေးခဲ့ခြင်းဖြစ်ကြောင်း တင်ဒါစိစစ်ရွေးချယ်ရေး ကော်မတီထံမှ သိရသည်။

YBS ယာဉ်များတွင် ဇူလိုင်လ ၁၀ ရက်က ခရီးသည်ကိုယ်တိုင် ထည့်သွင်းသည့်ငွေပုံး Cash Box စနစ်ကို စတင်ကျင့်သုံးခဲ့သော်လည်း လက်ရှိ ယာဉ်စီးခ အကြွေ မရှိခြင်း၊ ခရီးသည်များ ယာဉ်စီးခ အပြည့် မထည့်ခြင်းနှင့် သုံးမရသည့်ငွေ အစုတ်အပြဲများ ထည့်သွင်းခြင်းများနှင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

J-06