News

POST TYPE

NEWS

ယူကရိန်းကို ဖျက်အားပြင်းလက်နက်များထောက်ပံ့မှုသည် ဒေသတွင်းတည်ငြိမ်မှုကိုထိခိုက်ဟု အမေရိကန်ကို ရုရှားသတိပေး

မော်စကို၊ စက်တင်ဘာ ၁၉

ယူကရိန်းနိုင်ငံသို့ အမေရိကန် ပြည်ထောင်စုက ဖျက်အားပြင်းလက်နက်များ ပေးပို့ထောက်ပံ့နေခြင်းသည် ယူကရိန်း အရှေ့ပိုင်းဒေသ တည်ငြိမ်အေးချမ်းမှုကို  အထောက်အပံ့ ဖြစ်စေမည်မဟုတ်ဟု ရုရှားအစိုးရက ဝေဖန်ပြောကြားလိုက်ကြောင်း AFP သတင်းဌာနက ရေးသားဖော်ပြသည်။

အင်္ဂါနေ့က သတင်းထုတ်ပြန်ရာတွင် မော်စကို (ရုရှားအစိုးရ)က အမေရိကန် ပြည်ထောင်စုသည် ယူကရိန်းနိုင်ငံအား ဖျက်အားပြင်း လက်နက်များ ထောက်ပံ့လျက်ရှိကြောင်း၊ ယင်းသို့ထောက်ပံ့မှုသည် ယူကရိန်း အရှေ့ပိုင်းဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို မြှင့်တင်ပေးနိုင်မည် မဟုတ်ကြောင်း ဖော်ပြသည်။

ယူကရိန်းသမ္မတ ပီထရိုပိုရိုရှန်ကိုက ၎င်း၏လူမှုကွန်ရက်တွင် အမေရိကန် ဆီးနိတ်လွှတ်တော်သည် ယူကရိန်းနိုင်ငံ ကာကွယ်ရေးအတွက် ဖျက်အားပြင်း လက်နက်များ ထောက်ပံ့ပေးရန် အတည်ပြုလိုက်ပြီဖြစ်ကြောင်း ရေးသားဖော်ပြသည်။

အမေရိကန် ဆီးနိတ်လွှတ်တော်မှ ဥပဒေပြု အမတ်များသည် ယူကရိန်းနိုင်ငံ ကာကွယ်ရေးနှင့် လုံခြုံရေးအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀ဝ ခန့်တန်ဖိုးရှိသည့် အကူအညီများ ပေးအပ်ရန် မူကြမ်းတစ်ရပ်ကို အတည်ပြုလိုက်သည်။

“ဒါဟာ ယူကရိန်းသမ္မတ ပိုရိုရှန်ကိုရဲ့ ကြေညာချက် တစ်ခုတည်းပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်တွေဘက်က တခြား ကြေညာချက် တစ်စုံတစ်ရာ ထုတ်ပြန်တာ ကျွန်တော်တို့ မတွေ့မိသေးပါဘူး”ဟု ရုရှားအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမစ်ထရီပက်စ်ကော့ဗ်က သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များကို ပြောကြားသည်။

အမေရိကန် ပင်တဂွန်စစ်ဌာနချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့သည် ယူကရိန်းနိုင်ငံကို တင့်ကားဖျက်ဒုံးကျည်များနှင့် အခြား ဖျက်အားပြင်း လက်နက်များ ထောက်ပံ့ပေးရန် ပြီးခဲ့သည့် ဩဂုတ်လမှ စတင်ကာ ပြင်ဆင်ခဲ့ကြသည်။ 

ထိုစဉ်က အမေရိကန် အစိုးရအရာရှိကြီးများက ယူကရိန်းအနေနှင့် အမေရိကန်လုပ် ကာကွယ်ရေးလက်နက်များ လိုအပ်လိမ့်မည်ဖြစ်ကြောင်း၊ အကြောင်းမှာ ရုရှားနိုင်ငံ၏ ရန်စပြုမူမှုများမှ ကာကွယ်ရန်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။ 

ယူကရိန်းအစိုးရ ကိုယ်တိုင်ကလည်း အမေရိကန် ပြည်ထောင်စုအနေနှင့် လက်နက်များ ထောက်ပံ့ပေးရန် ဝါရှင်တန်အစိုးရကို ထပ်ခါတလဲလဲ တောင်းခံခဲ့သည်။ 

F-01