News

POST TYPE

NEWS

YBS ယာဉ်လိုင်း ကုမ္ပဏီများကိုစစ်မည့် စစ်ဆေးရေးအဖွဲ့ ဖွဲ့
20-Sep-2017 tagged as YBS


ရန်ကုန်၊ စက်တင်ဘာ ၁၉

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော YBS ယာဉ်များကို တာဝန်ယူ ဆောင်ရွက်နေသည့်ကုမ္ပဏီများကို သတ်မှတ်စည်းကမ်းချက် လိုက်နာခြင်း ရှိ၊ မရှိ ယခုနှစ် မကုန်ခင် သုံးလကျော်အတွင်း စောင့်ကြည့်ပြီး စစ်ဆေးရေးအဖွဲ့ဖွဲ့ကာ စက်တင်ဘာလမကုန်မီ စစ်ဆေးမည်ဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။

ထိုသို့ သုံးလကျော် စောင့်ကြည့်စစ်ဆေးရာတွင် ခရီးသည်များကို ဝန်ဆောင်မှု အပြည့်အဝ ပေးနိုင်ခြင်း ရှိ၊ မရှိ၊ ကြံ့ခိုင်ကောင်းမွန်သည့် အဆင့်မြင့်ယာဉ်များနှင့် ပြေးဆွဲနိုင်ခြင်း ရှိ၊ မရှိ၊ ကိုယ်ရကိုယ်ယူစနစ် ဆက်လက် ကျင့်သုံးနေခြင်း ရှိ၊ မရှိ စသည့် စည်းကမ်းများ ပါဝင်သည်။

“စစ်ဆေးရေးအဖွဲ့ ဖွဲ့မယ်။ နည်းပညာပိုင်းကရယ်၊ YRTA ကရယ် ပါမယ်။ ကုမ္ပဏီတွေကို သေချာစောင့်ကြည့်မယ့် CEO တစ်ဦးခန့်မယ်။ ပြောင်းလဲမှုကို ဒီလေးလအတွင်း ရအောင်ဆောင်ရွက်မယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ပြောထားပြီးသားပါ။ စည်းကမ်းမလိုက်နာတဲ့ ကုမ္ပဏီကို ဖျက်သိမ်းတဲ့အထိ အရေးယူမယ်”ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

လက်ရှိ YBS ယာဉ်များကို တာဝန်ယူ ပြေးဆွဲနေသော ယာဉ်လိုင်းကုမ္ပဏီများအနေနှင့် စည်းကမ်းချက်များ တင်းကျပ်စွာချထားပြီး သတိပေးသည့်အဆင့်အထိ ဆောင်ရွက်ထားကာ အရေးယူသည့်အဆင့်ကို မဖြစ်မနေ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ဒီလထဲမှာပဲ စစစ်မယ်။ ကုမ္ပဏီတွေအနေနဲ့ အများပိုင်စနစ်ကို လိုက်နာဖို့ လိုအပ်တယ်။ ဒါမှ ယာဉ်လုပ်သားတွေကို သေချာကိုင်တွယ်နိုင်မှာ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

YBS ယာဉ်လိုင်းကုမ္ပဏီများတွင် အစုရှယ်ယာရှင်စနစ်နှင့် ကိုယ်ရကိုယ်ယူစနစ်ဖြင့် ယာဉ်များ ပြေးဆွဲနေပြီး လုပ်အားခနှင့် စည်းကမ်းလိုက်နာသည့် ယာဉ်လုပ်သား မွေးထုတ်ရန် ပြဿနာများရှိကြောင်း၊ နောက်ပိုင်းတွင် စည်းကမ်းချက်များကို မလိုက်နာပါက တိုင်းအစိုးရအဖွဲ့က အရေးယူမည်ဖြစ်ကြောင်း YBS ရှစ်လပြည့်ပြုလုပ်သောပွဲသို့ တက်ရောက်ခဲ့သည့် Power Eleven ကုမ္ပဏီဒါရိုက်တာ ဦးတရုတ်လေးက ပြောကြားသည်။

“ယာဉ်လိုင်းကို ဖျက်သိမ်းတာ မဟုတ်ဘူး။ စနစ်ကို ဖျက်သိမ်းတာပါ။ ရှင်းရှင်းလင်းလင်း သိစေချင်လို့ပါ။ နောက်ပိုင်း ကုမ္ပဏီတွေ ပေါင်းစပ်လို့ရရင် ကုမ္ပဏီနာမည်တွေ လျှော့ချပြီး ကုမ္ပဏီတစ်ခုတည်းနဲ့ ဆောင်ရွက်သွားမယ့်သဘော ရှိပါတယ်။ အများပိုင်စနစ်က ကောင်းတဲ့အချက်ပါ”ဟု ၎င်းက ဆိုသည်။

သယ်ယူ ပို့ဆောင်ရေးကဏ္ဍတွင် စနစ်သစ်ဖြင့် ပြေးဆွဲမည့် ယာဉ်လိုင်းကုမ္ပဏီ ရှစ်ခုမှာ (၁) ဗန္ဓုလသယ်ယူပို့ဆောင်ရေး အများပိုင်ကုမ္ပဏီ၊ (၂) Omni Focus Services ကုမ္ပဏီ၊ (၃) Tran Link၊ ရန်ကုန်ဘတ်စ်ကားအများပိုင်၊ မြောက်ပိုင်းသားနှင့် ရွှေမြို့တော်ယာဉ်လိုင်းကုမ္ပဏီ၊ (၄) ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး (YUPT)ကုမ္ပဏီ၊ (၅) Power Eleven အများပိုင်၊ အမြဲစိမ်း၊ Lucky Family ၊ ရွှေပြည်သာယာ ယာဉ်လိုင်းကုမ္ပဏီ (၆) SRT ယာဉ်လိုင်း၊ စံဝေလယာဉ်လိုင်းနှင့် ရွှေအင်းဝယာဉ်လိုင်းကုမ္ပဏီ၊ (၇) ခေတ်သစ် ဘုရင့်နောင်နှင့် မြောက်ပိုင်း ခရိုင်ယာဉ်လိုင်းကုမ္ပဏီ၊ (၈) စီးတီးဒိုင်နာ၊ အနာဂတ် အများပြည်သူ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၊ ထက်မြတ်သူ၊ တောင်ပိုင်းခရိုင်၊ ကုန်ဘောင်ယာဉ် လိုင်းကုမ္ပဏီတို့ ဖြစ်သည်။
ရန်ကုန်မြို့အတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်း ၉၀ ကျော်ရှိပြီး ယာဉ်စီးရေ ၄၀ဝ၀ ကျော်အနက် စစ်တမ်းကောက်ယူချက်အရ တစ်ဦးတည်းပိုင် ယာဉ်စီးရေ ၁၀ဝ၀ ကျော် ပါဝင်နေကြောင်း YRTA  ထံမှ သိရသည်။

ဇူလိုင်လဆန်းပိုင်းက ခရီးသည် ကိုးဦး သေဆုံးခဲ့ပြီး ဒဏ်ရာသူ ၃၀ ကျော် ရှိခဲ့သော YBS ၃၇ ယာဉ်နှင့် YBS  ၅၅ ယာဉ်တို့ မျက်နှာချင်းဆိုင်တိုက်မှုသည် YBS စနစ် စတင် ပြေးဆွဲချိန်အတွင်း လူအသေပျောက် အများဆုံးနှင့် ဒဏ်ရာသူ အများဆုံး ဖြစ်စဉ်ဖြစ်ခဲ့သည်။

J-06