News

POST TYPE

NEWS

ကုန်မရသဖြင့် အဝေးပြေးကုန်တင်ယာဉ်အများစု ရပ်နား
20-Sep-2017 tagged as မန္တလေး

မန္တလေး၊ စက်တင်ဘာ ၁၉

မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းသို့ ပြေးဆွဲလျက်ရှိသော အဝေးပြေးကုန်တင်ယာဉ်များ အနေနှင့် ကုန်စည် ရရှိမှုနည်း၍ ယာဉ်အများစု ရပ်နားထားရကြောင်း မန္တလေးမြို့တော်ရှိ အဝေးပြေး ကုန်စည်ပို့ဆောင်ရေး ဂိတ်များထံမှ သိရသည်။

“နိုင်ငံရေး အခြေအနေ မကောင်းရင် စီးပွားရေးလည်း မကောင်းဘူး။ အခုက သုံးပုံ နှစ်ပုံလောက်ကို ရပ်ထားရတယ်။ မဖြစ်မနေ ဆွဲတဲ့လူလောက်ပဲ ရှိတယ်”ဟု ရွှေမေတ္တာ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းပိုင်ရှင် ဦးဝင်းမြင့်က ပြောကြားသည်။

ကုန်စည်ရရှိမှု နည်းပါးလာသည့်အပြင် တန်ဆာခပါ ဈေးကျလာသောကြောင့် ရပ်နားထားရခြင်းဖြစ်ကြောင်း၊ မေလမှ နိုဝင်ဘာလအထိသည် နှစ်စဉ် ကုန်ရရှိမှု နည်းလေ့ရှိကြောင်း၊ စက်တင်ဘာလ ၁၈ ရက်နေ့ တန်ဆာခ ဈေးနှုန်းမှာ ပိဿာ ၃၀ လျှင် ကျပ် ၆၀ဝ သာရှိပြီး မေလအတွင်း ကျပ် ၁၂၀ဝ ခန့်ဈေးရကြောင်း မန္တလေးမြို့တော် အခြေစိုက် ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များထံမှ သိရသည်။

“မိုးရာသီမှာ ကုန်ရတာ နည်းတတ်ပေမယ့် ဒီနှစ်က ပိုဆိုးတယ်။ ကုန်မရတဲ့အတွက် ကားတွေ နားထားရတယ်။ လုပ်ငန်းရှင်ထက် ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်တွေက ပိုပြီး အကျပ်တွေ့တယ်”ဟု ၂၂ ဘီးတပ် ကုန်တင်ယာဉ်မောင်း ဦးဝင်းထွန်းက ပြောဆိုသည်။

ဝင်းရွှေရည်ဦး