News

POST TYPE

NEWS

မီးခွက်ဈေးရှိ ရွှေဆိုင်များတွင် ဝယ်သူဟန်ဆောင်၍ ခိုးမှုကျူးလွန်သူ အမျိုးသမီးကို ဖမ်းမိ
20-Sep-2017 tagged as ရွှေ ခိုးမှု

ရန်ကုန်၊ စက်တင်ဘာ ၁၉

လှိုင်သာယာမြို့နယ်၊ မီးခွက်ဈေးတွင် ခိုးမှုသတင်း ရရှိထားသည့် အမျိုးသမီးတစ်ဦးကို မသင်္ကာသောကြောင့် စစ်ဆေးရာမှ ယင်းဈေးရှိ ရွှေဆိုင်များမှ ရွှေဆွဲကြိုးများ ခိုးယူခဲ့သည်ကို စစ်ဆေးပေါ်ပေါက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။

ခိုးမှုကျူးလွန်ခဲ့သူမှာ ကျောက်တန်းမြို့နယ်တွင် နေထိုင်သူ အသက် ၃၆ နှစ် မာမာမြင့်ဖြစ်ပြီး အမှတ်(၇) ရပ်ကွက်ရှိ မီးခွက်ဈေးအတွင်း ခိုးမှုကျူးလွန်ရန် ကြံစည်နေစဉ် ရဲတပ်ဖွဲ့က ၎င်းအား ဖမ်းဆီးစစ်ဆေးခဲ့ရာ ယခုနှစ် ဇွန်လနှင့် ဇူလိုင်လများက ရွှေဆိုင်များမှ ရွှေဆွဲကြိုး ခိုးယူခဲ့သည့်အမှုများ စစ်ဆေးပေါ်ပေါက်ခဲ့သည်။ 

“ရွှေဆိုင် နှစ်ဆိုင်မှာ ရွှေဝယ်သူ ဟန်ဆောင်ပြီး ထုတ်ပြတဲ့ ရွှေဆွဲကြိုးတွေကို ခိုးယူခဲ့တာလို့ စစ်ဆေးပေါ်ပေါက်ခဲ့တယ်။ ခိုးယူထားတဲ့ ရွှေဆွဲကြိုးတွေကို အပေါင်ဆိုင်တွေမှာ ပေါင်နှံပြီး သုံးစွဲထားတာကြောင့် သက်သေခံပစ္စည်းအဖြစ် ပြန်သိမ်းဆည်းခဲ့တယ်”ဟု ရဲအရာရှိက ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဈေးများတွင် စနေ၊ တနင်္ဂနွေရက်များ၌ လူစည်ကားချိန် ဈေးဝယ်သူများ၏ လက်ကိုင်ဖုန်း၊ ပိုက်ဆံအိတ်နှင့် လက်ဝတ်ရွှေထည်များ မကြာခဏ ခိုးယူခံနေရသောကြောင့် နယ်မြေခံ ရဲတပ်ဖွဲ့အနေနှင့် အသွင်ယူ စုံစမ်းမှုများ ဆောင်ရွက်နေပြီး ဒုစရိုက်မှု ကျူးလွန်နေသူများကို ဖော်ထုတ်ဖမ်းဆီး အရေးယူနေကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03