News

POST TYPE

NEWS

“သားသား၊ မီးမီးများပညာပေး အခမဲ့ရုပ်ရှင်”
14-Sep-2017 tagged as

ရန်ကုန်၊ စက်တင်ဘာ ၁၄

ကျောင်းသားလူငယ် ကလေးငယ်များအတွက် စိတ်ပိုင်းဆိုင်ရာ ပညာပေး ရုပ်ရှင်ဇာတ်လမ်းများ ပါဝင်ပြသမည့် အခမဲ့ရုပ်ရှင်ပွဲတော်ကို မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် ကျင်းပမည်ဖြစ်ကြောင်း စီစဉ်ကျင်းပမည့် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂနှင့် ဂိုထေးအင်စကျူ မြန်မာထံမှ သိရှိရသည်။ 

ကလေးများအတွက် အခမဲ့ရုပ်ရှင်ပွဲတော်ကို အောက်တိုဘာလ ၁ ရက် တနင်္ဂနွေနေ့ နံနက် ဆယ်နာရီခွဲ တစ်ကြိမ်၊ မွန်းလွဲပိုင်း နှစ်နာရီနှင့် သုံးနာရီ နှစ်ကြိမ် ရန်ကုန်မြို့ အလံပြဘုရားလမ်းရှိ အထက(၁) ဒဂုံကျောင်းတွင် ပြသမည်ဖြစ်ကြောင်း ဂိုထေးအင်စကျူ ညွှန်ကြားရေးမှူး ဖရန့်ဇ်ဇာဗာ သြဂုစတင်းက ပြောကြားသည်။

လက်မှတ်ကို ပွဲမစတင်မီ နာရီဝက်အလိုတွင် ဦးရာလူစနစ်ဖြင့်ပေးမည် ဖြစ်သည်။

ကလေးရုပ်ရှင်ဇာတ်ကားများ ဖြစ်သော “အေမီလ်နှင့်စုံထောက်ကြီးများ”၊ “ဟောဒီမြို့က ပွေးကောင်” နှင့် “ဇူခီးနီး မိသားစုဝင်တစ်ယောက်ဘဝ” ဇာတ်ကားများ ပြသမည်ဖြစ်ပြီး မြန်မာစကားပြော နောက်ခံပါဝင်မည် ဖြစ်ကြောင်း ပွဲစီစဉ်သည့် ယင်းအဖွဲ့အစည်းများထံမှ သိရှိရသည်။

“အေမီလ်နှင့် စုံထောက်ကြီးများ” ရောင်စုံရုပ်ရှင်ကားသည် ၁၉၂၉ ခုနှစ်က ဂျာမန်နိုင်ငံ ကလေးဝတ္ထုရေး ဆရာတစ်ဦး ရေးသားထားသည့် ဝတ္ထုနောက်ခံဇာတ်ကြောင်း ဖြစ်ပြီး ၁၉၃၁ ခုနှစ်တွင် ရုပ်ရှင်ရိုက်ကူးထားခြင်း ဖြစ်သည်။

ယင်းရုပ်ရှင်ဇာတ်လမ်းသည် သူရဲကောင်းများ၏ အမူအကျင့်၊ မိတ်ဆွေဖြစ်ခြင်း၏ အရေးကြီးပုံ၊ အမှန်တရားအတွက် တိုက်ပွဲဝင်ရဲရမည် ဆိုသည့် အကြောင်းအရာများကို မီးမောင်းထိုးပြထားခြင်း ဖြစ်သည်။

“ဟောဒီမြို့ကပွေးကောင်” ရုပ်ရှင်ကားသည် ၁၉၈၀ ခုနှစ်က ထွက်ပေါ်ခဲ့သော ဂန္တဝင်ရုပ်ရှင်ကား တစ်ကားဖြစ်သည်။

ယင်းရုပ်ရှင်ဇာတ်လမ်းသည် မြို့တစ်မြို့ထဲ ရောက်သွားသော ကလေးသုံးဦး၏ စွန့်စားခန်းများနှင့် လူသားများ၏ ကမ္ဘာသည် ရယ်စရာကောင်းသည့် အရာတစ်ခု ဖြစ်နေကြာင်းကို စကားပြောခန်း မပါဝင်ဘဲ အပြင်လူတစ်ဦး၏ အမြင်ရှုထောင့်မှ ရိုက်ကူးထားခြင်း ဖြစ်သည်။

“ဇူခီးနီးမိသားစုဝင် တစ်ယောက်ဘဝ” ကာတွန်းရုပ်ရှင်ကားသည် အော်စကာဆု ဆန်ကာတင်စာရင်းဝင် ဇာတ်ကားတစ်ကားဖြစ်ပြီး အသက်ကိုးနှစ်အရွယ် ကောင်လေးတစ်ယောက် အကြောင်းကို ရိုက်ကူးထားခြင်း ဖြစ်သည်။

ယင်းဇာတ်ကားတွင် ကလေးများ၏ ပူပင်သောကများ၊ အကြောက်တရားများ၊ ခံနိုင်ရည်ရှိမှုများ အသက်အရွယ် ကြီးပြင်းခြင်းနှင့်ဆိုင်သော ကလေးများ၏ စူးစမ်းလိုစိတ်များကို ရိုက်ကူးထားသည်။

ယခုပြသမည့် ရုပ်ရှင်ဇာတ်ကားများသည် လွန်ခဲ့သော နှစ်အနည်းငယ်က ဥရောပတွင် ပြသခဲ့သော ရုပ်ရှင်ကားများဖြစ်ပြီး အရှေ့ဥရောပနိုင်ငံများကို နောက်ခံထား၍ မတူညီသော ယဉ်ကျေးမှုများကို ဖော်ထုတ်ပြသရန် ရည်ရွယ်ကြောင်း ဂိုထေးအင်စကျူ ညွှန်ကြားရေးမှူး ဖရန့်ဇ်ဇာဗာ သြဂုစတင်းက ပြောကြားသည်။

ဥရောပရုပ်ရှင်ပြပွဲကို စက်တင်ဘာလ ၂၂ရက်မှ အောက်တိုဘာလ ၁ ရက်အထိ ပြုလုပ်မည်ဖြစ်ပြီး လူလတ်ပိုင်း၊ လူကြီးပိုင်းအတွက် ရုပ်ရှင်ဇာတ်ကားဆယ်ကားကို မူရင်းဘာသာစကားပြော၊ အင်္ဂလိပ် စကားပြောတို့ဖြင့် ရန်ကုန်မြို့ နေပြည်တော်ရုပ်ရှင်ရုံတွင် တစ်ရက်နှစ်ကြိမ် အခမဲ့ပြသမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂထံမှ သိရှိရသည်။

မြဇာခြည်သင်း

ဓာတ်ပုံ - ဥရောပရုပ်ရှင်ပွဲတော်(ရန်ကုန်)

  • TAGS