News

POST TYPE

NEWS

ရန်ကုန်ရှိ စားသောက်ဆိုင်များတွင် တောကောင်သားဟင်းလျာ မရောင်းရန် တားမြစ်
14-Sep-2017 tagged as တိရစ္ဆာန်

ရန်ကုန်၊ စက်တင်ဘာ ၁၃

တောရိုင်းတိရစ္ဆာန်များကို အမဲလိုက် သတ်ဖြတ်ခြင်းနှင့် ရောင်းဝယ်ဖောက်ကားခြင်းတို့ကြောင့် မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည့်အပေါ် ကာကွယ်ထိန်းသိမ်းရေးအနေနှင့် ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ စားသောက်ဆိုင်များတွင် တောကောင်သားဟင်းလျာ မရောင်းချရန် တားမြစ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းတိုးက ပြောကြားသည်။

ရှားပါးမျိုးသုဉ်းလာသည့် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး လှုပ်ရှားမှုတစ်ခုအဖြစ် ‘ဤဆိုင်တွင် တောကောင်သားဟင်းလျာ မရောင်းပါ’ ဟူသည့် စာတန်းပါသည့် စတစ်ကာများကပ်ခြင်း၊ မော်တော်ယာဉ်လိုင်းများတွင် တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းများကို သယ်ဆောင်ခြင်းခွင့် မပြုစေရန် အသိပညာပေးခြင်းတို့ကို ယခုလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“လှည်းကူးဘက်တို့ ဖောင်ကြီးသွားတဲ့လမ်းတို့က ဆိုင်တွေမှာလည်း ရောင်းချတာတွေရှိတဲ့အတွက် မကြာခဏ သွားစစ်မယ်။ ဟင်းလျာကျတော့လည်း တရားရုံးကျတော့ ငြင်းရပြုရခက်တယ်။ သက်သေမခိုင်လုံဘူး ဖြစ်နေတယ်။ အကောင်ရှင်တွေ သိုလှောင်ထားတာ တွေ့လို့ရှိရင်တော့ ဥပဒေအရ အရေးယူသွားမှာပါ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ရန်ကုန်မြို့ သိမ်ကြီးဈေးအပေါ်ထပ်ရှိ စားသောက်ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံ၍ တောကောင်သားဟင်းလျာ မရောင်းချရန် အသိပညာပေးထားကြောင်း၊ ယင်းနောက် စားသောက်ဆိုင်များကို ရှောင်တခင် ဝင်ရောက်စစ်ဆေး၍ အရေးယူမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ထို့ပြင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အမှတ်တရ လက်ဆောင်ပစ္စည်း အရောင်းဆိုင်များတွင်လည်း တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းနှင့် ပြုလုပ်ထားသည့် ပစ္စည်းများကို ရောင်းချခြင်း မပြုရန်အတွက် သက်ဆိုင်ရာ လေဆိပ်တာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ဦးသိန်းတိုးက ရှင်းပြသည်။

ယင်းသို့ အသိပညာပေးလှုပ်ရှားမှုကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဆောင်ရွက်လျက် ရှိသော်လည်း ရန်ကုန်အနေနှင့် ပထမဆုံးအကြိမ် ဖြစ်ကြောင်း၊ အဆိုပါ အစီအစဉ်ကို သားငှက်ထိန်းသိမ်းရေးအဖွဲ့၏ အကူအညီဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သစ်တောဦးစီးဌာနထံမှ သိရသည်။

တောရိုင်းတိရစ္ဆာန်များကို ဖမ်းဆီးသတ်ဖြတ်၍ တရားမဝင် ရောင်းချခြင်း အပြင် ဆောင်းခိုငှက် အများအပြားနှင့် ရှားပါးငှက်မျိုးစိတ် အချို့ကိုလည်း ဖမ်းဆီးသတ်ဖြတ်မှုများ ရှိနေသည့်အတွက် ယင်းမျိုးစိတ်များမှာ ရှားပါးမျိုးသုဉ်း ပျောက်ကွယ်လာနိုင်ရာ ဥပဒေဖြင့် ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း ဇီဝမျိုးစုံ မျိုးကွဲပညာရှင်များက ပြောဆိုသည်။

“အကောင်မြင်ရင် သတ်စားမယ်ဆိုတဲ့ အလေ့အထကြီးကို ပြင်မှရမယ်။ ရှားပါးတဲ့ ငှက်မျိုးစိတ်တွေ မျိုးသုဉ်းပျောက်ကွယ်ခြင်း မရှိအောင် အသိပညာပေးတာတွေ၊ ထိန်းသိမ်းတာတွေ လုပ်ရမယ်။ ဥပဒေအရ ဘာလုပ်ရင် ဘာပြစ်ဒဏ်ဆိုတာ အတိအလင်း ပြထားပေမယ့် ဥပဒေ ထိရောက်မှု အားနည်းတယ်” ဟု ငှက်ထိန်းသိမ်းရေး ပညာရှင် ဦးသက်ဇော်နိုင်က ဆိုသည်။