News

POST TYPE

NEWS

လက်ပံတောင်းဒေသခံများ ဝမ်ပေါင်ကုမ္ပဏီ ရေထုတ်မြောင်းကို ဖျက်၍ ဆန္ဒပြ

မုံရွာ၊ စက်တင်ဘာ ၁၃

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေတွင် စက်တင်ဘာ ၁၃ ရက် ညနေ ၄ နာရီအချိန်က ဝမ်ပေါင် ကုမ္ပဏီက  ရေထုတ်မြောင်း ဖောက်လုပ်နေမှုကို ရပ်ဆိုင်းရန်အတွက်  ဒေသခံတောင်သူများက ယင်းရေထုတ်မြောင်းကို ဖျက်ဆီး၍ ဆန္ဒပြခဲ့ကြသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၏ အရှေ့ဘက် ညောင်ပင်ကြီးလမ်းဆုံမှ ဆားလင်းကြီးသွား ကတ္တရာလမ်းဘေး ရွှေလှေတံတားမှ တုံရွာစုထိ ဖောက်နေသော ၂ မိုင်ကျော် ရှည်လျားသော  ရေထုတ်မြောင်းမှာ ဒေသခံတောင်သူများ၏ မြေယာများကို ဖြတ်သန်းဖောက်ခြင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းမှ အက်စစ်ပါသောရေများ ချင်းတွင်းမြစ်အတွင်းသို့ ရောက်ရှိမည်ဖြစ်သောကြောင့် ကန့်ကွက်ရခြင်းဖြစ်သည်ဟု ဒေသခံတောင်သူများက ပြောကြားသည်။

ယင်းရေထုတ်မြောင်းကို ဝမ်ပေါင်ကုမ္ပဏီက လွန်ခဲ့သည့်ရက်ပိုင်းက စတင်တူးဖော်ကာ ကျောက်ဖြင့် အခိုင်အမာ တည်ဆောက်နေခြင်းကြောင့် စက်တင်ဘာလ ၁၂ ရက်နေ့မှစကာ တုံ ၅ ရွာနှင့်  ဆည်တည်း၊ ဇီးတော်ဒေသခံ တောင်သူ ၁၀ဝ ခန့်က ယင်းအခိုင်အမာ တည်ဆောက်နေသော နေရာများကို တူရွင်း၊ တူ၊ ပုဆိန်များဖြင့် ထုခွဲကာ ဖျက်ဆီးခြင်းဖြင့် ပြန်လည် တုံ့ပြန်လျက်ရှိသည်။

“တောင်သူ ပြည်သူတွေကို အသိမပေးဘဲ တိတ်တိတ်ခိုးမြေတူးပြီး အခိုင်အမာ ရေမြောင်းလုပ်တယ်၊ ကြေးနီ စီမံကိန်းက အက်စစ်ရေထုတ်ဖို့လုပ်နေတာ မတရားဘူး၊ ကျွန်မတို့ မြေတွေသိမ်းလို့  လုပ်စားစရာမရှိ အလုပ်လက်မဲ့ဖြစ်နေတာကို မြေနုကျွန်းက စိုက်မြေတွေထိခိုက်အောင် အက်စစ်ပါတဲ့ ရေတွေဖောက်ဖို့ လုပ်နေတာ ကန့်ကွက်တယ်၊ ချင်းတွင်းမြစ်ထဲကို စီးထွက်ရင် မြေနုကျွန်းထိခိုက်ပြီး သဘာဝတွေ ပျက်စီးမယ်”ဟု တုံရွာ ဒေသခံ ဒေါ်ညိုလေးက ဆိုသည်။

အဆိုပါမြောင်းမှာ ယခင်မြစ်ရေ တင်ပြုလုပ်ခဲ့သော ရေကန်ဟောင်းတွင် ဝမ်ပေါင်တွင်းမှ စီးထွက်လာမည့်ရေများအား စုထား၍ ရွှေလှေတံတားမှတစ်ဆင့် ရှင်ပင်အင်းကို ဖြတ်စီးကာ ရေဆိုးများ ချင်းတွင်းမြစ်သို့ ရောက်ရှိမည်ဖြစ်၍ ကန့်ကွက်ရခြင်းဖြစ်သည်ဟု ဆန္ဒပြတောင်သူများကဆိုသည်။

ဝမ်ပေါင်ကုမ္ပဏီက ရေထုတ်မြောင်းဖောက်မှု အခြေအနေနှင့် လက်ပံတောင်းဒေသခံ တောင်သူများ၏ တုံ့ပြန်မှုနှင့်ပတ်သက်ပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်ကို ဆက်သွယ်မေးမြန်းရာ ယနေ့ ဝမ်ပေါင်ကုမ္ပဏီနှင့် တိုင်းအစိုးရဝန်ကြီး ၃ ပါး၊ တိုင်းဒေသကြီးကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တို့ပါဝင်ကာ အစည်းအဝေးပြုလုပ် ဆွေးနွေးရာ အဆိုပါမြောင်းမှာ ရေဆိုးမြောင်း မဟုတ်ဘဲ ဒေသတွင်း အသေးစား လုပ်ငန်း SME လုပ်ကိုင်လျှင် မိုးရေများ အိုင်မနေစေရန်  မြောင်းဖောက်ထားခြင်း ဖြစ်ကာ ရေစီးမထွက်စေလိုလျှင် ချင်းတွင်းမြစ်သို့ ထွက်သည့် ရွှေလှေတံတား ထွက်ပေါက်ကို ကုမ္ပဏီက ဒေသခံဆန္ဒအရ ပိတ်ပေးမည်ဟု ဝမ်ပေါင်က ပြောဆိုထားသည်ဟု ပြန်လည်ဖြေကြားသည်။

R-08