News

POST TYPE

NEWS

ရဲအရာရှိ အယောင်ဆောင်သူကို လိုင်စင်မဲ့ကားနှင့် ဖမ်းမိ
13-Sep-2017 tagged as ရဲ

ပြည်၊ စက်တင်ဘာ ၁၃

ပြည်မြို့ ရွှေတံခါးရပ်ကွက် ပြည်- အောင်လံလမ်း တာဂွလမ်းဆုံအနီး ပြည်မှ အောင်လံဘက်သို့ ရဲအရာရှိ အယောင်ဆောင်လာသူ တစ်ဦးကို စက်တင်ဘာလ ၁၂ ရက်နေ့ ညက လိုင်စင်မဲ့ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်မြို့ အမှတ် (၃) နယ်မြေရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

ယင်းနေ့ ည ၁၀ နာရီခွဲခန့်က အမျိုးသားတစ်ဦး မောင်းနှင်လာသည့်ယာဉ်ကို စစ်ဆေးရာ ၎င်းသည် ရဲအယောင်ဆောင်ထားပြီး ရဲယူနီဖောင်းနှင့် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့တံဆိပ်ပါ လိပ်စာကတ်များကို တွေ့ရှိခဲ့ရကြောင်း၊ ထို့ပြင် ၎င်းမောင်းနှင်လာသည့်ကားမှာလည်း လိုင်စင်မဲ့ကားဖြစ်နေကြောင်း အမှတ် (၃) နယ်မြေရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“ရဲအယောင်ဆောင်မှုရယ် လိုင်စင်မဲ့ကား ဖြစ်နေတာရယ်နဲ့ အမှုဖွင့်ထားတယ်။ တိုင်းက ညွှန်ကြားချက်လာတော့ ရဲအသုံးအဆောင် ပစ္စည်းတွေ လက်ဝယ်ထားရှိမှုနဲ့ပါ ထပ်တိုးဖွင့်ထားတယ်”ဟု ၎င်းက ဆိုသည်။ 

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ရမန်ယူထားပြီး အမှတ် ၃ စခန်းတွင် ၎င်းကို ချုပ်ထားကာ ဆက်လက်စစ်ဆေးမည်ဖြစ်ကြောင်း၊ လတ်တလော စစ်ဆေးချက်များအရ ရန်ကုန်မှလာပြီး ပြည်မြို့ ပြည်သာယာရပ်ကွက်အတွင်း အိမ်ငှားနေထိုင်နေကြောင်း အဆိုပါစခန်းထံမှ သိရသည်။ 

အဆိုပါ ရဲအရာရှိ (ဒုရဲအုပ်) အယောင်ဆောင်သူ ဇော်လင်းအောင် အသက် ၂၆ နှစ်ကို (ပ) ၁၂၁၈/၂၀၁၇ ပို့ကုန်သွင်းကုန် ပုဒ်မ ၈ အရလည်းကောင်း၊ (ပ) ၁၂၁၉/ ၂၀၁၇ ရာဇသတ်ကြီးပုဒ်မ ၁၇၀/၄၆၆ အရလည်းကောင်း အမှုဖွင့် အရေးယူထားကြောင်း ပြည်မြို့အမှတ် (၃) နယ်မြေ ရဲစခန်းထံမှ စုံစမ်းသိရှိရသည်။

M-06