News

POST TYPE

NEWS

မြိတ်တွင် ရိုးရာမုန့်နှင့် ဒေသထွက်ကုန်ရောင်းမည့် ညဈေးတန်းနှစ်ခု ဖွင့်မည်
13-Sep-2017 tagged as မြိတ်


မြိတ်၊ စက်တင်ဘာ ၁၂

မြိတ်တွင် ရိုးရာမုန့်များနှင့် ဒေသထွက်ကုန်များ ရောင်းချမည့် ညဈေးတန်းနှစ်ခု ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးဖြိုးဝင်းထွန်းထံမှ သိရသည်။

မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်၊ ကန်ကြီး ရေကန်ဘောင်အနီးနှင့် ကန်ကြီးနယ်မြေ၊ ကွက်သစ်ရပ်ကွက်၊ အမှတ် ၄ ကျောင်းဟောင်း နံဘေးမြေကွက်လပ်နေရာတွင် အသီးသီး ဖွင့်လှစ်မည်ဖြစ်ကြောင်း၊ တစ်ခုကို လာမည့်စနေနေ့တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကန်ကြီးရေကန်ဘောင် အနီးဖွင့်လှစ်မည့် ညဈေးအတွက်မူ စီစဉ်ဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဆိုင်ခန်းက မီးဆင်ပေးမယ်၊ ထီး စီစဉ်ပေးမယ်။ မီးကတော့ ထိုက်သင့်တဲ့ မီးခလောက်တော့ ပေးရမှာပေါ့။ ကျန်တဲ့ ဆိုင်ခန်းခ ပေးစရာမလိုဘူး”ဟု စီမံ/ဘဏ္ဍာ ဝန်ကြီးက ပြောသည်။

လာမည့်စနေနေ့တွင် စဖွင့်မည့် ကန်ကြီးလမ်းဆုံမှ ညဈေးမှာ ဆိုင်ခန်း ၂၀ ပါဝင်မည်ဖြစ်ပြီး နောက်ဖွင့်မည့် ကန်ကြီးရေကန်ဘောင်အနီးမှ ညဈေးတွင် ဆိုင်ခန်း ၂၀ သို့မဟုတ် ၃၀ ပါမည်ဟု သိရသည်။

ရောင်းချလိုသူများသည် သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် စာရင်း ပေးရမည်ဖြစ်ပြီး ရပ်ကွက်အတွင်းရှိ အလုပ်အကိုင်လိုအပ်သူများကို ဦးစားပေးပြီး နေရာပေးခိုင်းထားကြောင်း ဦးဖြိုးဝင်းထွန်းက ပြောသည်။

“ရောင်းမှာပေါ့။ ဒီလိုမျိုး လုပ်ပေးတဲ့အတွက် ကောင်းတာပေါ့။ တစ်နေရာတည်း မုန့်အစုံနဲ့ ရောင်းပေးတယ်ဆိုတော့ ဝယ်စားတဲ့သူတွေလည်း အဆင်ပြေမယ်။ သီးသန့် လျှောက်ဝယ်စားစရာ မလိုဘူးပေါ့။ ဆိုင်ခန်းခလည်း မပေးရဘူးဆိုတော့ မီးဖိုးလောက်ပဲ ပေးရမှာဆိုတော့ တအား အဆင်ပြေတာပေါ့”ဟု မြစ်ငယ်ဈေးတွင် မြိတ်ဒေသရိုးရာ လက်လုပ်မုန့်များ ရောင်းချနေသော ဒေါ်မကြည်က ပြောသည်။

မြိတ်တွင် ဒေသရိုးရာမုန့် အမျိုးအစား ၁၀ဝ ခန့်ရှိသော်လည်း လက်ရှိတွင် မုန့်အမျိုးအစား ၂၀ ခန့်သာ ပြုလုပ်လျက်ရှိပြီး ကျန်ရှိသည့် မုန့်များမှာ ပြုလုပ်သူ မရှိသည့်အတွက် ပျောက်ကွယ်နေပြီဖြစ်ကြောင်း ဒေါ်မကြည်က ပြောသည်။

Dawei Watch