News

POST TYPE

NEWS

သစ်မှောင်ခိုသယ်ရာ၌ပါသော ရဲအရာရှိ အဖမ်းခံရ
13-Sep-2017 tagged as ပြင်ဦးလွင်

သပိတ်ကျင်း၊ စက်တင်ဘာ ၁၃

ပြင်ဦးလွင်ခရိုင်ရဲတပ်ဖွဲ့တွင် တာဝန်ထမ်းဆောင်နေသော ရဲအုပ်တစ်ဦးသည် သစ်မှောင်ခိုသယ်ဆောင်ရာတွင် ပါဝင်ပတ်သက်ခဲ့သည့်အတွက် ဖမ်းဆီးထိန်းထားကြောင်း ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ကသာခရိုင် ပင်လည်ဘူးမြို့နယ် ဝဲလာအရှေ့ကုန်းကျေးရွာ၌ စက်တင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်က တမလန်းသစ်များ သယ်ဆောင်လာသည့် မော်တော်ယာဉ်ကို ဖမ်းဆီးရမိချိန်တွင် ၎င်းနှင့်အတူပါသည့် လူနှစ်ဦး၏ ထွက်ဆိုချက်အရ အဆိုပါရဲအရာရှိ ဖမ်းဆီးထားခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

သပိတ်ကျင်းမြို့မရဲစခန်းမှူး ခရိုင်နှင့် တိုင်း အစည်းအဝေး သွားရသည့်အချိန်များတွင် စခန်းမှူး တာဝန်ထမ်းဆောင်ရသော ရဲအုပ်အဆင့် အရာရှိဖြစ်ကြောင်း၊ လက်ရှိတွင် ပြင်ဦးလွင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံး၌ တာဝန်ထမ်းဆောင်နေသည်မှာ ၁၀ လကျော်ပြီဖြစ်ကြောင်း သပိတ်ကျင်းမြို့နယ် ရဲတပ်ဖွဲ့ ဒုမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး တင်မောင်ညိုက ပြောကြားသည်။

ပင်လည်ဘူးမြို့ တောင်ဘက်ရှိ သစ်တောအတွင်းမှနေ၍ ကောလင်း-ပင်လည်ဘူး ကားလမ်းအတိုင်း သပိတ်ကျင်းမြို့နယ်အတွင်း သယ်ဆောင်လာစဉ် ဝဲလာအရှေ့ကုန်းကျေးရွာအနီးတွင် အဆိုပါရဲအုပ်နှင့်အတူပါသည့် လူနှစ်ဦးကို ဖမ်းဆီးရမိခဲ့ပြီး ရဲအုပ်ဖြစ်သူ ထွက်ပြေးလွတ်မြောက်သွားရမှ ဖမ်းဆီးထိန်းသိမ်းခံရခြင်းဖြစ်သည်ဟု ပင်လည်ဘူးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

R-05