News

POST TYPE

NEWS

ချင်းတွင်းမြစ်အတွင်း ကုန်တင်ရေယာဉ်တစ်စီး နစ်မြုပ်
ကလေး၊ စက်တင်ဘာ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး ဖောင်းပြင်မြို့နယ် ကံထူးချောင်းကျေးရွာအနီး ချင်းတွင်းမြစ်အတွင်း ယနေ့ (စက်တင်ဘာလ ၁၀ ရက်) မွန်းတည့် ၁၂ နာရီခန့်က “မျိုးသော်တာ” ကုန်တင်မော်တော်တစ်စီး နစ်မြုပ်ခဲ့ကြောင်း ကံထူးချောင်းကျေးရွာ ရွာသူ၊ ရွာသားများထံမှ သိရှိရသည်။

မုံရွာမြို့မှ ဖောင်းပြင်မြို့သို့ ဆန်လာပြီး ကံထူးချောင်းကျေးရွာအနီး ရွှေပုလ္လင်ဝဲအနီး၌ တိမ်းမှောက် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း နစ်မြုပ်အပြီး ညနေ ၃ နာရီခွဲတွင် အမျိုသား ခုနစ်ဦးနှင့် အမျိုးသမီး သုံးဦးကို ကံထူးချောင်းကျေးရွာတွင် ဆယ်ယူ စောင့်ရှောက်ထားနိုင်သော်လည်း အမျိုးသမီးတစ်ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။

“မော်တော်မြုပ်တဲ့နေရာက ရေနက်တော့ မော်တော်ကို ဆယ်မယ်ဆိုရင် နွေရာသီ ရေကျချိန်လောက်မှပဲ ဆယ်လို့ ရချင်ရမယ်။ ပစ္စည်းတွေကတော့ ရေပေါ် ပေါ်လာတဲ့ ဒီဇယ်ပေပါတို့ အခြားပစ္စည်းတွေတော့ ရွာက ဆယ်ယူထားပေးတယ်”ဟု ယင်းကျေးရွာနေ ဒေါ်ခင်မြင့်က ပြောကြားသည်။

မော်တော်နစ်မြုပ်မှု ဖြစ်ပွားပြီးနောက် မွန်းလွဲ ၂ နာရီခန့်က ကံထူးချောင်း အောက်ဖက်ရှိ သငါစံပြကျေးရွာ တိုက်နယ်ဆေးရုံတွင် အသက် ၄၀ အရွယ်ခန့် အမျိုးသမီး တစ်ဦး၏ အလောင်းကို ဆယ်ယူရရှိထားကြောင်း တိုက်နယ်ဆေးရုံဆရာဝန်တစ်ဦးက ပြောကြားခဲ့ပြီး ကံထူးချောင်းကျေးရွာမှ အတည်ပြုချက်ပေးမှုအရ သငါစံပြကျေးရွာတွင် တွေ့ရှိသည့် အလောင်းသည် မော်တော်ပေါ်တွင်ပါသည့် အမျိုးသမီးဖြစ်ကြောင်း အဆိုပါကျေးရွာသားများထံမှ သိရှိရသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ဖောင်းပြင်မြို့ ပုဂ္ဂလိကရေယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေး ကော်မတီ မန်နေဂျာ ဦးမင်းနိုင်က ကော်မတီအဖွဲ့ဥက္ကဋ္ဌနှင့် ဖောင်းပြင်မြို့ရှိ မီးသတ်တပ်ဖွဲ့ဝင်များ ရဲတပ်ဖွဲ့ဝင်များ အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများ အခင်းဖြစ်ပွားရာ သွားရောက်နေပြီး အသေးစိတ် စုံစမ်းစစ်ဆေးနေကြောင်း ပြောကြားသည်။

R-20