News

POST TYPE

NEWS

ကန်တော်ကြီးပတ်လမ်းတံတား အသစ်ပြန်ဆောက်
08-Sep-2017 tagged as ကန်တော်ကြီး

ရန်ကုန်၊ စက်တင်ဘာ ၇

ရန်ကုန်မြို့ ကန်တော်ကြီးပန်းခြံရှိ အများပြည်သူ ကျန်းမာရေးအတွက် လေ့ကျင့်ခန်း လုပ်နေသည့် ကန်ပတ်လမ်းတံတားကို အသစ်ပြန်လည် တည်ဆောက်နေစဉ် ခေတ္တပိတ်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။

ကန်ပတ်လမ်းတံတားမှာ ၂၀၁၆ ခုနှစ် ဇွန်လက စင့်တန်းများ ပြိုကျသောကြောင့် ပြန်လည်ပြင်ဆင်ခဲ့ရပြီး လက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အဆိုပါ ကန်ပတ်လမ်း တံတားတစ်စင်းလုံးကို အကြီးစား ပြုပြင်တည်ဆောက်မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ တံတားကို သြဂုတ်လ နောက်ဆုံးပတ်က ဦးထောင်ဘို အဝိုင်းထိပ်မှ မျှော်စင်ကျွန်းအထိ တံတား အရှည်ပေ ၁၀၀၀ ကို အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) က ပြုပြင်တည်ဆောက်နေပြီး ကျန်ရှိသည့် တံတားအပိုင်းကို တည်ဆောက်ရန် တင်ဒါခေါ်မည် ဖြစ်ကြောင်း မင်္ဂလာတောင်ညွှန့်မြို့နယ်၊ မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက ပြောကြားသည်။

“လက်ရှိ တံတားတစ်စင်းလုံးကို ဖြိုဖျက်ပြီး အသစ်ပြန်ဆောက်မယ်။ လက်ရှိအပိုင်းလိုက် ပြင်နေတယ်။ လက်ရှိ ပြင်နေတဲ့ ပေ ၁၀၀၀ ဘက်အခြမ်းမှာ ခေတ္တပိတ်ထားတယ်။ တိုင်းအစိုးရမှာ တံတားအရှည်ပေ ၁၀၀၀ ပြုပြင်ဖို့ အတည်ပြုထားတာ ကျပ် ၅၅၄ သန်းပါ။ ကျန်တဲ့တံတားအပိုင်းကို ပြုပြင်ဖို့ ကုမ္ပဏီတွေကို တင်ဒါခေါ်သွားမယ်” ဟု ၎င်းက ဆိုသည်။

ကန်ပတ်လမ်းတံတား၏ အောက်ခြေ ရေထဲတွင် ပိုင်ရိုက်ပြီး အောက်ခြေတိုင်ကို ကွန်ကရစ်ဖြင့် တည်ဆောက်ကာ နှစ်ရှည်ခံအောင် နိုင်ငံတကာအဆင့်မီ ဒီဇိုင်းအခင်းပြားများ ခင်းသွားမည် ဖြစ်ပြီး ခေတ်မီလက်တန်းများပါ တပ်ဆင်သွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

ကန်တော်ကြီးပန်းခြံ အတွင်းရှိ အဆိုပါတံတားကို ၂၀၀၄ ခုနှစ်ခန့်က စတင်တည်ဆောက်ခဲ့ကာ တံတားအရှည်မှာ ပေပေါင်း ၆၉၆၅ ပေခန့်ရှိပြီး ၂၀၀၅ ခုနှစ်က ပေ ၁၀၂၅ အရှည်နှင့် ယခုနှစ်တွင် ပေ ၈၆၀ ခန့် အကြီးစား ပြင်ဆင်ခဲ့သည်။ 

“တံတားက သစ်သားတံတားဆိုတော့ ကြာလာတော့ ဆွေးလာတယ်။ လမ်းလျှောက်တဲ့ သူတွေလည်း အပေါက် ခဏခဏကျွံတာတို့ သစ်သားချောင်းတွေက မညီတော့ ခဏခဏ ခလုတ်တိုက်ပါတယ်။ တံတားတစ်စင်းလုံးကို အကြီးစား ပြုပြင်တည်ဆောက်မယ် ဆိုတော့ လေ့ကျင့်ခန်းလုပ်တဲ့ သူတွေနဲ့ လမ်းလျှောက်တဲ့သူတွေ အတွက် ဝမ်းသာစရာပါ” ဟု ကန်ပတ်လမ်းတံတားတွင် လေ့ကျင့်ခန်းလုပ်သူ မင်္ဂလာတောင်ညွှန့်မြို့နယ်နေ ကိုကျော်သူမြင့်က ဆိုသည်။

J-10