News

POST TYPE

NEWS

ပုသိမ်မြို့နယ် NLD ပါတီ ဒုဥက္ကဋ္ဌကို ထောင်သုံးလ ကျ

ပုသိမ်၊ စက်တင်ဘာ ၎

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် တရားရုံးတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံထားရသည့် NLD ပါတီ ဒုဥက္ကဋ္ဌ ဦးစန်းရွှေကို ကိုးလကျော်ကြာ စစ်ဆေးပြီးနောက် ယနေ့ (စက်တင်ဘာလ ၄ ရက်)တွင် ပုသိမ်မြို့နယ် တရားရုံးက ထောင်ဒဏ်သုံးလ အမိန့်ချမှတ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလအတွင်းက U San Shwe အကောင့်အမည်ဖြင့် ဆင်မကျေးရွာ အုပ်ချုပ်ရေးမှူးက ကျေးရွာရှိ အရက်ပုန်းဆိုင်များကို အရက်ဆီများ မယူမနေရ ဖြန့်ဖြူးနေကြောင်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၏ တူသားနောင်မယ်ပစ္စည်းဖြစ်၍ ယူပေးရမည်ဟု နာမည် အလွဲသုံးစား ပြုလုပ်ကြောင်း စသည့်အချက်များ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့၍ ဆင်မကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး (ယခင် ဆင်မကျေးရွာ NLD ပါတီ ဘဏ္ဍာရေးမှူး) ဦးအောင်ကိုလွင်က အမှုဖွင့်တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ယင်းသို့တိုင်ကြားမှုအပေါ် ရုံးချိန်း ၁၅ ကြိမ်မြောက် စစ်ဆေးပြီးနောက် ယနေ့(စက်တင်ဘာလ ၄ ရက်)တွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆(ဃ)ဖြင့် ပုသိမ်မြို့နယ် NLD ပါတီ ဒုဥက္ကဋ္ဌကို ထောင်ဒဏ်သုံးလ ကျခံစေရန်နှင့် ချုပ်ရက်များ ထုတ်နှုတ်ခံစားစေရန် ပုသိမ်မြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့သည်။

R-11