News

POST TYPE

NEWS

ဆေးရုံပေါ်က စီမံခန့်ခွဲမှု
25-Aug-2017 tagged as ဆရာဝန်

တစ်လောက ဖေ့စ်ဘွတ်ခ်ပေါ် ဟိုးလေးတကျော် ဖြစ်သွားတဲ့ ချပ်သင်းဆေးရုံရဲ့ ပြဿနာ တစ်စိတ်တစ်ဒေသကလည်း ဒါကြောင့်ပါပဲ။

ကျွန်တော် ဆေးရုံသွားရမှာ ဝန်လေးလာပါတယ်။ အဲသလိုပြောလို့ ဘယ်သူကတော့ ဆေးရုံသွားချင်မှာလဲလို့ မေးပါလိမ့်မယ်။ အနည်းနဲ့ အများတော့ နာရလိမ့်မယ်၊ သေတာကတော့ မလွှဲရှောင်သာလို့ စိတ်သွင်းလေ့ ရှိတာမို့ ကျွန်တော် ဆေးရုံမသွားချင်တာက ရောဂါဖြစ်တာကို ကြောက်နေတာ၊ ဆေးကုရမှာကို ကြောက်နေတာကြောင့် မဟုတ်။ ခြုံပြောရရင် ဆေးရုံတွေရဲ့ စီမံခန့်ခွဲမှုညံ့ဖျင်းတဲ့ဒဏ်ကို ခံစားရတာကြောင့် ဖြစ်ပါတယ်။

ဒီကဆေးရုံက နာနေသောသူ အတွက်သာ ဖြစ်ပါတယ်။ နာနေသော သူကတော့ တခြားလည်း ဘာမှလုပ်လို့ မရနိုင်တာမို့ အချိန်တွေ ဘယ်လိုကုန်ကုန် အရေးမကြီး။ နာနေသောသူ မဟုတ်ဘဲ ကျန်းမာရေးစောင့်ရှောက်မှု အတွက်တော့ အံမဝင်ဘဲ ဖြစ်နေတာပါပဲ။

ဒါတောင် ကျွန်တော်သွားတာက ပုဂ္ဂလိကဆေးရုံတွေပါပဲ။ အစိုးရဆေးရုံ မဟုတ်။ အစိုးရ ဘတ်ဂျက်နည်းတဲ့ကိစ္စ အပါအဝင် သိပ်လည်း မျှော်လင့်ချက်မထားသေးတာမို့ ငွေကုန်ပေမယ့် ပုဂ္ဂလိကဆေးရုံကိုပဲ သုံးနေတာပါ။ တကယ်တော့ ဒီအဖြစ်က အခွန်ထမ်းထားရသူအတွက် မိအေးနှစ်ခါနာပါပဲ။

အစီအစဉ်နဲ့လုပ်တဲ့အကျင့်က ဖြစ်နေတဲ့သူမို့ ကိုယ်ဘာလုပ်ရမယ် ဆိုတာကိုလည်း ကြိုသိချင်ပါတယ်။ စနစ်ကို နားလည်ထားချင်တယ်။ ဒါမှ အကောင်းဆုံး ဆုံးဖြတ်ချက်ကို ရွေးချယ်နိုင်မှာ မဟုတ်လား။

ဒါပေမဲ့လည်း ဆေးရုံတွေမှာ

(၁) ဝန်ထမ်းတွေက အင်ဖော်မေးရှင်း မည်မည်ရရ မပေးတတ်။ အင်ဖော်မေးရှင်းကို ဂဃနဏ ပေးရမယ်လို့လည်း တချို့က စိတ်ထဲရှိဟန်မတူ။

တစ်ခါတလေ ဆရာဝန် ဘယ်အချိန်လာမယ် ဆိုတာကိုပင် မပြောနိုင်ကြ။ ဘယ်အဆင့်ပြီးရင် ဘယ်အဆင့်ကို လုပ်ရမယ် ဆိုတာကို ရှင်းမပြနိုင်ကြ။ အင်ကွာရီကောင်တာ ဆိုပေမယ့် အင်ဖော်မေးရှင်း မပေးနိုင်ကြ။ စိတ်မရှည်တဲ့ ဟန်ပန်အမူအရာက ပြတတ်ကြသေးသည်။ အများအားဖြင့် ကြုံရတာက စားပွဲချင်းကပ်လျက်၊ အနားကပ်လျက် တခြားတစ်ယောက်ကို သွားမေးခိုင်းတာမျိုးပင်။ ဒီမှာ သူ့အရပ်နဲ့ သူ့ဇာတ်ကိုက်တယ်လို့ ပြောရမလားပဲ။ လူနာတွေကလည်း သိပ်များများ မေးလေ့မရှိကြ။

(၂) လူနာရဲ့အချိန်ကို မလေးစားတာပါပဲ။ ဆရာဝန်နဲ့တွေ့ဖို့ အပွိုင့်မန့်ကိုတော့ ကြိုတောင်းရတယ်။ ဒါပေမဲ့ လူနာကိုတော့ အချိန်မှန်းပေးလိုက်နိုင်မှုတော့ မရှိပြန်တာပါပဲ။ ဆရာဝန် အထူးသဖြင့် သက်ဆိုင်ရာ ဘာသာရပ်အလိုက် တတ်ကျွမ်းနားလည်သော အထူးကုဆရာဝန် ရှားပါးတာမို့ တော်သောဆရာဝန်တွေမှာ လူနာတွေ ပုံနေတတ်တာမျိုးက မထူးဆန်းပါ။ အချိန်နဲ့ ပတ်သက်ရင် အလေးထားတဲ့ နိုင်ငံတွေမှာပင် ဆရာဝန်၊ သွားဆရာဝန်တွေဆိုတာ ချိန်းဆိုတဲ့အခါ လူနာက စောင့်ဆိုင်းရတာကတော့ ရှိတတ်ပါသေးတယ်။ ကြုံလို့ပြောရရင် ဂျာမနီလို နိုင်ငံမှာတောင် ဒါမျိုးအဖြစ် ဖြစ်ပါတယ်။ ဆရာဝန်များကလည်း သူတို့ကိုသာ စောင့်တာကြိုက်ပေမယ့် သူက စောင့်ရရင်တော့ မကြိုက်တာမျိုးလည်း ကြုံလေ့ရှိပါတယ်။ ဘွန်းမြို့က ဆေးခန်းတစ်ခုမှာ သွားဆရာဝန်တစ်ယောက်က သူစောင့်ဆိုင်းရတဲ့အချိန် ၅ မိနစ်အတွက် ပိုက်ဆံကောက်မယ်လို့ ရေးထားတာ တွေ့ခဲ့ဖူးပါတယ်။ လူနာက မိနစ် ၄၀ လောက် စောင့်ခဲ့ရတာကို သူ မသိသလို။ ထားတော့။

မြန်မာပြည်လို အနေအထားမှာ အချိန်နဲ့ ပတ်သက်ရင် တွက်ရခက်တဲ့ အကြောင်းတွေ ရှိတာ နားလည်လို့ ရပါတယ်။ ဒါပေသိ တုံကင်နံပါတ် ဘယ်လောက်ဆိုရင် ဘယ်အချိန်လောက်ဆိုတာ မှန်းလို့ရတဲ့ ကိစ္စပါပဲ။ မမျှော်လင့်နိုင်တဲ့ ကိစ္စအတွက် အပိုဆောင်းအချိန်ကို ထည့်တွက်လို့ ရပါသေးတယ်။ ဒီအတွက်လည်း လူနာကို အမှာစကား ထည့်ပြောလိုက်ရင် ရတယ်။ ဒါပေမဲ့ ကြုံရများတာက ရက်ချိန်းသာ ပေးလိုက်တာပါပဲ။ လူနာက ဆရာဝန် ရောက်လာချိန်ကစလို့ စောင့်ပေတော့။ အလုပ်ပျက် အကိုင်ပျက် တစ်နေကုန် နေလှန်းခံရတာမျိုးပါ။

ဒါမျိုးအဖြစ်တွေက ပုံမှန်ဆရာဝန် ရက်ချိန်းမျိုးမှာ ကြုံရတာဖြစ်သည်။ တကယ်လို့ ကြားပေါက်ကိစ္စတွေ ဆိုရင်တော့ ပိုဆိုးပါတော့တယ်။

(၃) ဆရာဝန်က ရောဂါနဲ့ ပတ်သက်ပြီး ရှင်းပြတိုင်ပင်ခြင်း မရှိ။

ဒီကိစ္စပြောတော့ ဥရောပသား တစ်ယောက်က ငါတို့မှာလည်း ဆရာဝန်နဲ့ ဘုရားသခင်ကို မေးခွန်းမထုတ်နဲ့ဆိုတာ ရှိတယ်တဲ့။ နောက် ပြောင်ပြောတာပါ။

တစ်နေ့က နော်ဝေမှာနေတဲ့ နောင်တော်ကြီး ရဲဘော်ဒေါင်း အလည်ရောက်လာလို့ သူ့ဝေဒနာကို ကုသပုံကို မေးတော့ သူ့ကို ဆရာဝန်က ဘယ်လိုရှင်းပြတာ၊ သူ့ရဲ့ သဘောတူညီချက်ကို ယူပုံယူနည်းတွေ မေးကြည့်ဖြစ်တာ စိတ်ဝင်စားစရာပါပဲ။ ဆရာဝန်တွေက သူ့ကို ဝေဒနာအကြောင်းကို ရှင်းပြ၊ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေ ပြောပြကာ သူ့ကိုရွေးချယ်ခိုင်းတာပါ။ အဲသလိုပြောရင် ဒီမှာလည်း လုပ်ပါတယ်လို့ စောဒကတက်သူတွေ တက်ပါလိမ့်မယ်။ ဒီမှာက ဆရာဝန်က ပြောတော့ ပြောတယ်၊ တိုတိုတောင်းတောင်း။ ရှားရေပါးရေ နိုင်လှတာပါပဲ။

ဆရာဝန်က လူနာများတာကို အကြောင်းပြတတ်ကြပါတယ်။ ဒါပေမဲ့ လူနာရဲ့ ပူးပေါင်းဆောင်ရွက်မှုကောင်းရင် ဝေဒနာကို သက်သာပျောက်ကင်းစေဖို့၊ သို့မဟုတ် အသက်သာဆုံး ဖြစ်စေတာ မဟုတ်ပါလား။ ဆရာဝန်ရဲ့ မစ်ရှင်က ဝေဒနာ ပျောက်ကင်းဖို့၊ သက်သာဖို့ မဟုတ်ပါလား။

ကျွန်တော်ကတော့ မရရအောင် မေးတတ်သူမို့ မေးတာမကြိုက်ဘူးဆိုတဲ့ ဆရာဝန်ဆို မေးခွန်းထုတ်တာမျိုးလုပ်ပြီး နောက်လည်း မပြတော့။ ဆရာဝန်ကို ကိုယ်ကချည်းပဲ လေးစားရမယ် ဆိုတာမျိုး မလုပ်ရန် သိအောင်တော့ ပြောပြထားခဲ့လိုက်တာပါပဲ။

တကယ်ဆို ဆရာဝန်တွေကလည်း စီမံခန့်ခွဲမှုအကြောင်း သိပ်စိတ်မဝင်စားတတ်။ သူ့အတွက်တော့ ဆေးရုံအုပ်ချုပ်ရေးက လုပ်လိမ့်မပေါ့။ သူ့ဆေးကုဖို့ကိုပဲ အာရုံစိုက်ကြတာ များပါတယ်။ ပြောရရင် အထူးကု ဆရာဝန်တွေ ဆိုပေမယ့် စီမံခန့်ခွဲမှုအပိုင်း ရောက်လာတော့ ခပ်ညံ့ညံ့တွေကို အတွေ့ရ များတတ်သည်။ ဆေးရုံအုပ်ချုပ်ရေး မန်နေဂျာတွေကလည်း ပရော်ဖက်ရှင်နယ်မဖြစ်။ ဆေးရုံအုပ်ချုပ်ရေးမှာ တာဝန်အရှိဆုံးဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ ဆရာဝန်တွေလည်း ပူးပေါင်းတတ်ဖို့ လိုပါတယ်။ စုပေါင်းညှိနှိုင်းလုပ်တတ်တဲ့ အလေ့အကျင့် မရှိကြတာ။

လူနာတွေကလည်း မေးရမှာ အင်မတန် ဝန်လေးကြတာလည်း ပါလိမ့်မယ်။ အဲဒီမှာ ဖြစ်တာက ဆရာဝန် ပြောတာပဲ နားထောင်၊ မကျေနပ်တာ စုပြုံတော့မှ ဝုန်းခနဲ ပေါက်ကွဲတွေ၊ တုံ့ပြန်ပုံမှားတာတွေ ဖြစ်လာတတ်တာပါပဲ။

မြန်မာပြည်မှာ နိုင်ငံတကာတန်းဝင် တော်တဲ့ဆရာဝန်တွေ ရှိပါတယ်။ ဒါပေမဲ့ စီမံခန့်ခွဲမှုကောင်း မလိုက်နိုင်ရင် ကျန်းမာရေး ဝန်ဆောင်မှု မမြောက်တာကိုလည်း သိကြဖို့ လိုပါတယ်။

စိန်ဝင်း (MJT)