News

POST TYPE

NEWS

မြန်မာနိုင်ငံသားများဘဏ်၏ စတော့အိတ်ချိန်းအဖွင့်ဈေး ကျပ်တစ်သောင်းအောက်ဖြစ်မည်ဟုဆို

ရန်ကုန်၊ ဩဂုတ် ၂၄ 


ရန်ကုန်စတော့အိတ်ချိန်းတွင် တတိယမြောက်စာရင်းဝင်ကုမ္ပဏီဖြစ်လာမည့် မြန်မာနိုင်ငံသားများဘဏ်၏ စတော့အိတ်ချိန်း အဖွင့်ဈေးနှုန်းသည် ကျပ်တစ်သောင်းအောက်သာဖြစ်မည်ဖြစ်ကြောင်း အဆိုပါဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးမြင့်ဝင်းက The Voice သို့ ပြောကြားသည်။


မြန်မာနိုင်ငံသားများဘဏ်သည် ဩဂုတ် ၂၆ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း၌ ရှယ်ယာအရောင်းအဝယ်စတင်မည်ဖြစ်ပြီး ရှယ်ယာအဖွင့်ဈေးနှုန်းသည် ကျပ်ငါးထောင်အထက်နှင့် တစ်သောင်းအောက်ကြား ဈေးနှုန်းသာဖြစ်မည်ဟု ၎င်းကဆိုသည်။


ယင်းဈေးနှုန်းသည် အခြားရန်ကုန်စတော့အိတ်ချိန်းဝင် ကုမ္ပဏီနှစ်ခုဖြစ်သော FMI နှင့် MTSH ကုမ္ပဏီများ၏ စတော့အိတ်ချိန်းအဖွင့်ဈေးများထက် အလွန်နည်းပါးသော ဈေးနှုန်းဖြစ်သည်။

မြန်မာနိုင်ငံသားများဘဏ်၏ စတော့အိတ်ချိန်းမတင်မီ ပြင်ပရှယ်ယာဈေးနှုန်းမှာ ကျပ် ၅၀၀၀ မှ ၇၀၀၀ ဝန်းကျင်ရှိပြီး ဩဂုတ်၂၅ ရက်တွင် ရန်ကုန်စတော့အိတ်ချိန်း အရောင်းအဝယ်ပြုလုပ်မည့် အခြေဈေးနှုန်း (Base Price) ကို ကြေညာမည်ဖြစ်သည်။


လက်ရှိအချိန်တွင် ဘဏ်၏ မတည်ရင်းနှီးငွေမှာ ကျပ် ၅၂ ဘီလီယံရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ကျပ်သန်း ၅၁၀၀ ခန့် ထည့်ဝင်ရင်းနှီးမြှုပ်နှံထားပြီး ကုမ္ပဏီ၏
၁၀ ရာခိုင်နှုန်းကို အစိုးရက ပိုင်ဆိုင်ထားသည်။


ရန်ကုန်စတော့အိတ်ချိန်း၏ ပထမဦးဆုံးစာရင်းကုမ္ပဏီ FMI ၏ စတော့အိတ်ချိန်းအဖွင့်ဈေးနှုန်းသည် ကျပ် ၂၆၀၀၀ ဖြစ်ပြီး ဒုတိယကုမ္ပဏီ MTSH ၏ အဖွင့်ဈေးနှုန်းသည် ကျပ်လေးသောင်းဖြစ်သည်။


လက်ရှိ၌ ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာအရောင်းအဝယ်ပမာဏ ကျဆင်းလျက်ရှိပြီး ဩဂုတ် ၂၄ ရက်တွင် FMI ကုမ္ပဏီက ကျပ်နှစ်သောင်းနှင့် MTSH ကုမ္ပဏီက ကျပ် ၄၅၀၀၀ ဖြင့် ရှယ်ယာများ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။