News

POST TYPE

NEWS

တရားစွဲခံရသည့် မြေသိမ်းခံတောင်သူသည် တရားရုံးတွင် ပေးရန်၊ ကျွေးရန်ပင်ရှိသူ မဟုတ်ဟု လွှတ်တော်ဥက္ကဋ္ဌဆို
နေပြည်တော်၊ ဩဂုတ် ၂၃

တရားစွဲဆိုခံရသည့် မြေသိမ်းတောင်သူသည် တရားရင်ဆိုင်ရပါက တရားရုံးသို့ပေးရန်နှင့် ကျွေးရန်ပင် ငွေကြေးရှိမည် မဟုတ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောကြားလိုက်သည်။

“စဉ်းစားကြည့် အသိမ်းလည်း ခံရတယ်။ စားစရာလည်း မရှိဘူး။ သိမ်းတဲ့လူနဲ့ တရားရုံးမှာ ရင်ဆိုင်ပြီး ဖြေရှင်းရမယ်ဆိုတော့ ကိုယ်က ရောင်းခဲ့လို့ ပေးခဲ့လို့၊ အမွေမှုဖြစ်လို့ ဆိုရင်တော့ ဟုတ်တာပေါ့။ အသိမ်းခံရတဲ့ဟာကို တစ်ခါတစ်ခါ ထွက်ပြိုင်ပြီး ရင်ဆိုင်ရမယ်ဆိုတော့ တရားရုံးသွားဖို့ စရိတ်တောင် ရှိမှာ မဟုတ်ဘူး။ တည့်တည့်ပြောရရင် တရားရုံးမှာ ပေးဖို့၊ ကျွေးဖို့တောင် ရှိမှာမဟုတ်ဘူး”ဟု ၎င်းက ဆိုသည်။

ဩဂုတ် ၂၃ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မှော်ဘီ မဲဆန္ဒနယ်မှ ဦးအောင်ဝင်းက မြေသိမ်းပိုက်မှု ခံရခြင်းနှင့်ပတ်သက်၍ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်ဆင့်မှ စစ်ဆေးမှုများ ပြုလုပ်နေစဉ်အတွင်း မူလသိမ်းပိုက်ထားသူများမှ သိမ်းပိုက်ခံရသည့် လယ်သမားများအား တရားရုံးများတွင် တရားစွဲဆိုနေခြင်းကိစ္စနှင့်ပတ်သက်၍ လိုအပ်သလို ဆောင်ရွက်ပေးရန် မေးမြန်းမှုကို ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ တရားသူကြီး ဦးမြင့်အောင်နှင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည်စိစစ်ရေး ဗဟိုကော်မတီ ကိုယ်စား ဖြေကြားပေးသော ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးတို့ ပြန်လည်ဖြေကြားမှုအပြီးတွင် ဥက္ကဋ္ဌက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

မြေသိမ်းခံ တောင်သူများကို တရားစွဲဆိုမှု ရပ်ဆိုင်းပေးရန်အစီအစဉ်ကို ပြန်လည် ဖြေကြားရာတွင် တရားလွှတ်တော်ချုပ်၊ တရားသူကြီးက လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု ပြန်လည် စိစစ်ရေးဗဟို ကော်မတီက လုပ်ပေးနိုင်မည်ဟု ပြောကြားခဲ့ပြီးနောက် ကော်မတီကိုယ်စား ဗိုလ်ချုပ်အောင်စိုး၏ ပြောကြားချက်တွင် ယင်းကိစ္စကို တရားရုံးတွင် ရင်ဆိုင်ကြရန် ဆိုခြင်းကြောင့် ၎င်းတို့၏ဘက်မှ သေသေချာချာ ရေရေရာရာဖြင့် ပြန်လည် သုံးသပ်ပေးရန် ၎င်းက ထပ်လောင်းပြောသည်။ 

“ဒီလိုအမှုမျိုးကို စွဲတာသည် စွဲတဲ့အင်္ဂါရပ်နဲ့ ညီလား၊ မညီဘူးလား။ တရားရုံးက အလေးအနက် သတိထားရမယ်။ အင်္ဂါရပ်နဲ့ ညီရင်တော့ ဟုတ်တာပေါ့။ အခု အင်္ဂါရပ်နဲ့ မညီတဲ့ကိစ္စမျိုးဆိုရင် တရားရုံးအနေနဲ့ ဒါကို ဆက်စွဲခွင့်ပြုမယ်ဆိုရင် အသိမ်းလည်း ခံရတယ်။ အသိမ်းခံရတဲ့လူက စားစရာ မရှိဘူး။ သိမ်းတဲ့လူက ထားစရာနေရာ မရှိဘူး။ အဲဒီ နှစ်ခုယှဉ်ပြီး တရားရုံးမှာ ဖြေရှင်းရမယ်ဆိုရင် တရားဥပဒေဆိုတဲ့ ရည်ရွယ်ချက်၊ မှန်ကန်မျှတတဲ့ စည်းမျဉ်းစည်းကမ်းက ဘယ်ပျောက်သွားမလဲ”ဟု ၎င်းက မေးခွန်းထုတ် ပြောကြားသည်။

ယင်းကဲ့သို့ တောင်သူများ တရားစွဲဆိုခံနေရခြင်းသည် မှော်ဘီ မဲဆန္ဒနယ် သာမက ကျန်မဲဆန္ဒနယ်များတွင်လည်း ရှိနေသောကြောင့် တရားရုံးအနေဖြင့် အမှုလက်ခံခြင်း၊ စွဲဆိုခြင်းကို မျှတမှန်ကန်သော ဥပဒေ စည်းမျဉ်း စည်းကမ်းဖြင့် လုပ်ဆောင်ရန်လိုအပ်ကြောင်း ဥက္ကဋ္ဌက ဆိုသည်။

“ထားစရာ မရှိတဲ့လူနဲ့ စားစရာ မရှိတဲ့လူ အဲဒီတရားရုံးက ဘယ်သူ့နောက် ပါသွားမလဲ။ ကျွန်တော်တို့က ကိုယ်ချင်းစာတရား ထားဖို့တော့ ကောင်းတယ်။ သူများကို ငါ ဒီလို လုပ်မယ်ဆိုရင် ငါ့ကို အဲလိုလုပ်ရင် ခံနိုင်လားဆိုတာ အရင်ဆုံး စဉ်းစားရမယ်။ အဲဒါ ကိုယ်ချင်းစာတရားပဲ။ ဥပဒေနဲ့အညီပဲ ဆောင်ရွက်စေချင်တယ်”ဟု ၎င်းက ပြောသည်။

မြေယာသိမ်းဆည်းမှုသည် အမွေရင်ဆိုင်မှု မဟုတ်သည့်အပြင် ရောင်းမှားဝယ်မှား မဟုတ်သောကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးနှင့် ကော်မတီတို့၏ ဖြေကြားချက်ကို စဉ်းစားရန်လိုကြောင်း၊ ၎င်းတို့၏ ဖြေကြားချက်များကို ကြားသိရ၍ မြေသိမ်းခံ တောင်သူများအတွက် စိတ်မကောင်းဖြစ်ရကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆိုသည်။

“ဥပဒေမဲ့ အသိမ်းခံရပြီး အသိမ်းလည်း ခံရသေးတယ်။ သိမ်းတဲ့လူက လုပ်ငန်းရှင်၊ ပိုက်ဆံရှိတဲ့လူတွေ။ အဲဒီလူတွေနဲ့ ဖက်ပြီးတော့ တရားရုံးမှာ ရင်ဆိုင်ပါဆိုတော့ ကိုယ့်အဖြေဟာ ကိုယ်နည်းနည်း စဉ်းစားဖို့ ကောင်းတယ်”ဟု ၎င်းက ထပ်လောင်း ပြောသည်။

ယင်းကိစ္စများကို လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မိမိတို့၏ မဲဆန္ဒနယ်မြေများတွင် အဂတိ ကင်းကင်းဖြင့် မှန်ကန်အောင် ဆောင်ရွက်ပေးရန်နှင့် ဥပဒေ ပြင်ပလွဲမှားသော လုပ်ဆောင်မှုကို လက်မှတ်မထိုးဘဲ သက်ဆိုင်ရာ ဝန်ကြီး၊ အထွေထွေ အုပ်ချုပ်ရေးနှင့် တရားရုံး ဆုံးဖြတ်ချက်များ ဘက်လိုက်မှုများ ရှိနေပါက စာဖြင့်တင်ပြရန် ၎င်းက တိုက်တွန်း ပြောကြားခဲ့သည်။

S-01