News

POST TYPE

NEWS

မွန်ပြည်သစ် ဌာနချုပ်အနီးရှိ တပ်မတော်တပ်ရင်းများ ပြန်လည်ထွက်ခွာ
21-Aug-2017 tagged as မွန်ပြည်နယ်

ရန်ကုန်၊ ဩဂုတ် ၂၁

မွန်ပြည်သစ်ပါတီ ဌာနချုပ်အနီးတွင်ရှိသည့် တပ်မတော် တပ်ရင်းများ ပြန်လည် ထွက်ခွာနေပြီဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ မဟာမိတ် ဆက်ဆံရေးဌာနမှ နိုင်အောင်မငေးက The Voice သို့ ပြောကြားသည်။

မွန်ပြည်နယ် ကြာအင်းဆိပ်ကြီး မြို့နယ်ရှိ မွန်ပြည်သစ်ပါတီ၏ ဌာနချုပ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၈ ရက်က မွန် တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပပြီး နောက်ပိုင်းတွင် တပ်မတော်စစ်ကြောင်းများက မွန်ပြည်သစ်ပါတီ နယ်မြေအတွင်းသို့ ဝင်ရောက်လာခဲ့ခြင်းကြောင့် နှစ်ဖက် စစ်ရေးတင်းမာမှု အနည်းငယ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ယင်းသို့ စစ်ရေးတင်းမာမှု ဖြစ်ပွားခဲ့ပြီးနောက် ဩဂုတ်လ ၁၆ ရက်နေ့တွင် တပ်မတော်နှင့် မွန်ပြည်သစ်ပါတီတို့ ဆွေးနွေးခဲ့ရာ တပ်မတော်မှ ဒုတိယ ဗိုလ်ချုပ်ကြီး မင်းနောင် ဦးဆောင်ခဲ့ပြီး  မွန်ပြည်သစ် ပါတီဘက်မှ ဒုဥက္ကဋ္ဌ နိုင်ဟံသာ ဦးဆောင်၍ ဆွေးနွေးခဲ့ပြီးနောက် တပ်မတော်မှ တပ်ရင်းများ ပြန်ထွက်ခွာခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံး ရရှိသည့် အခြေအနေအရ တပ်မတော် စစ်ကြောင်းများသည် ကြာအင်းဆိပ်ကြီး နယ်မြေမှ ဆုတ်ခွာနေပြီဖြစ်ပြီး အင်အား သုံးဆယ်ခန့်သာ ကျန်ရှိပြီး တပ်ဖွဲ့ဝင်အားလုံး ပြန်လည် ဆုတ်ခွာသွားမည်ဟု တပ်မတော်ဘက်က ပြောကြားထားကြောင်း နိုင်အောင်မငေးက ပြောကြားသည်။

“ကြာအင်းဆိပ်ကြီးခွင်ကနေ အင်အား အများကြီး ဆုတ်လိုက်ပြီ။ အခုလက်ကျန်က တောင်ပေါက်ရွာ ဘုန်းကြီးကျောင်းမှာ ၃၀ လောက်တော့ ကျန်နေသေးတယ်။ အဲဒီတပ်တွေလည်း အားလုံး ဆုတ်ပေးသွားမယ် ထင်တယ်”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်က မွန်ပြည်သစ်ပါတီက တော်လှန်ရေးနေ့ ကျင်းပခွင့်ကို တပ်တော်ဘက်က ပိတ်ပင်ခဲ့ပြီးနောက် နှစ်ဖက် စစ်ရေးတင်းမာမှု မြင့်တက်ခဲ့ပြီး လက်ရှိတွင် စစ်ရေးတင်းမာမှု ပြန်လည် လျော့ကျရေး ညှိနှိုင်းမှုများ လုပ်ဆောင်ခဲ့ရခြင်းဖြစ်ကြောင်း ငြိမ်းချမ်းရေး ကော်မရှင်မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မွန်ပြည်သစ်ပါတီ (NMSP) သည် သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၂ ခုနှစ်တွင် ပြည်နယ်အဆင့် အပစ်အခတ် ရပ်စဲရေးစာချုပ် ချုပ်ဆိုခဲ့ပြီး ပြည်ထောင်စုအဆင့် ချုပ်ဆိုမည့် NCA စာချုပ်ကိုမူ လက်မှတ်ရေးထိုးရခြင်း မရှိသေးပေ။

ထို့ပြင် မွန်ပြည်သစ်ပါတီသည် အစိုးရနှင့် NCA မထိုးရသေးသည့် လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားသော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့တွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

J-08