News

POST TYPE

NEWS

ကိုကျော်မျိုးရွှေကို ၆၆ (ဃ)ဖြင့် တရားစွဲဆိုရန် ခွင့်ပြုချက်ရ

ရန်ကုန်၊ ဩဂုတ် ၂၁

Myanmar Now သတင်းဌာနမှ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အယ်ဒီတာချုပ် ကိုဆွေဝင်းကို တရားစွဲဆိုထားသူ ကိုကျော်မျိုးရွှေကို ၆၆(ဃ) ဖြင့် ပြန်လည်တရားစွဲဆိုရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရရှိထားပြီဖြစ်ကြောင်း စမ်းချောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား အသရေ ပျက်စေသည့် စာသားများ Kyaw Myo Shwe အကောင့်ဖြင့် လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည်ဟုဆိုကာ ပြည်သူတစ်ဦးဖြစ်သူ အသက် ၄၅ နှစ် အရွယ် ဒေါ်မြမြဌေးက စမ်းချောင်းမြို့မရဲစခန်းတွင် တရားလိုပြု တိုင်ကြားခဲ့ရာ အမှုဖွင့်စစ်ဆေးပြီး တရားစွဲဆိုရန် စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

“ဒီနေ့ပဲ ခွင့်ပြုချက်ရပြီ၊ သူက မန္တလေးမှာ အဖမ်းခံရပြီး အိုးဘိုအကျဉ်းထောင်မှာ ရောက်နေတဲ့အတွက် ထောင်ထုတ်မိန့်နဲ့ ပြန်ထုတ် တရားစွဲရမှာ၊ အဲဒါကြောင့် ဘယ်နေ့ ဘယ်ရက်မှာ တရားစွဲရနိုင်မယ် ဆိုတာတော့ အတိအကျ ပြောမရသေးဘူး။ အမြန်ဆုံး တရားစွဲနိုင်အောင်တော့ လုပ်ဆောင်သွားမှာပါ”ဟု စမ်းချောင်း မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်လွင်က ပြောကြားသည်။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံရသူ ကိုကျော်မျိုးရွှေမှာ Myanmar Now သတင်းဌာနမှ အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် မဟာအောင်မြေ မြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး ဩဂုတ်လ ၇ ရက်နေ့က ကိုဆွေဝင်းကို ရုံးချိန်းစစ်ဆေးရာတွင် လာရောက်ခဲ့ရာ အစိုးရဖြုတ်ချရေး မန္တလေး သပိတ်စခန်းတွင် ပါဝင်ခဲ့မှုဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးခံရကာ ချမ်းမြသာစည်တရားရုံး၏ ချုပ်မိန့်ဖြင့် အိုးဘိုအကျဉ်းထောင်တွင် ချုပ်နှောင်ခံထားရာ ဩဂုတ်လ ၂၁ ရက်က မဟာအောင်မြေ မြိုနယ်တရားရုံးသို့ အစစ်ခံရန် လာရောက်နိုင်ခြင်း မရှိခဲ့ပေ။

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် တရားစွဲဆိုခံရမှု ယခင် အစိုးရလက်ထက်တွင် (၇) မှုရှိပြီး (၅) မှုပြစ်ဒဏ် ချမှတ်ခံခဲ့ရကြောင်း၊ လက်ရှိ အစိုးရလက်ထက်တွင် တရားရုံတင် စွဲဆိုခံရမှု (၈၄) မှုရှိပြီး (၁၃) မှု ပြစ်ဒဏ်ချမှတ် ခံရပြီးဖြစ်ကြောင်း၊ ယင်းအမှုများတွင် အာမခံ မရရှိဘဲ အချုပ်ကျခံနေရမှု (၄)မှု၊ တပ်မတော်မှ တရားစွဲဆိုမှု (၇)မှု၊ NLD ပါတီမှ တရားစွဲဆိုမှု (၇)၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်၍ ကြားလူများက တရားစွဲဆိုမှု (၉)၊ သတင်းမီဒီယာများအပေါ် တရားစွဲဆိုမှု (၁၀) မှုရှိပြီး သတင်းသမား (၁၇) ဦး တရား ရင်ဆိုင်နေရကြောင်း၊ ယင်းကောက်ခံရရှိသော စာရင်းမှာ ရဲစခန်းများတွင် အမှုဖွင့် တိုင်ကြားထားပြီး ပိတ်သိမ်းခြင်း၊ မဖော်ထုတ်နိုင်သေးသည့် အမှုများ မပါဝင်ကြောင်း ဆက်သွယ်ရေးဆိုင်ရာ သုတေသနအဖွဲ့၏ ဩဂုတ်လ ၂၀ ရက်နေ့အထိ ကောက်ခံရရှိမှု စာရင်းများအရ သိရသည်။

J-16