News

POST TYPE

NEWS

စစ်ဘေးရှောင် ကဆုန့်ဒေသခံများကို မနက်ဖြန် နေရပ်ပြန်ပို့မည်

မြစ်ကြီးနား၊ သြဂုတ် ၂၁

ကချင်ပြည်နယ် မိုးကောင်းမြို့နယ် ကဆုန့်ကျေးရွာတွင် တပ်မတော်နှင့် ကချင်လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ပြည်သူတစ်ထောင်ကျော်ကို မနက်ဖြန်(သြဂုတ်လ ၂၂ ရက်)တွင် မူလနေရပ်သို့ ပြန်ပို့မည်ဖြစ်ကြောင်း ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြောကြားသည်။

အဆိုပါ စစ်ရှောင်တစ်ထောင်ကျော်ကို ၎င်းတို့၏နေရပ်ဖြစ်သည့် ကဆုန့်ကျေးရွာအတွင်း ပြန်လည်ရောက်ရှိသည်အထိ ပို့ဆောင်ရေး လုပ်ငန်းများကို ပြည်နယ်အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

“စစ်ရှောင်တွေနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တို့က (PCG) မေးမြန်းမယ်။ ညှိနှိုင်းပြီး လိုအပ်တာတွေကို စာတင်မယ် ပြောတယ်။ အခုချိန်အထိတော့ မတင်လာသေးဘူး။ သူတို့ကို သွားတွေ့တုန်းက တစ်ခု ကတိပေးထားတယ်။ နေရပ်ပြန်တဲ့ ပို့ဆောင်ရေးကို တာဝန်ယူသွားမယ်”ဟု ဝန်ကြီးချုပ်က ပြောကြားသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက် နေ့လယ်ပိုင်းက မိုးကောင်းမြို့နယ် ကဆုန့်ကျေးရွာတွင် တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံအချို့ ဒဏ်ရာ ရရှိခဲ့ကြသည်။

ယင်းဒေသခံတစ်ရွာလုံး နမ္မတီးကျေးရွာရှိ ခရစ်ယန်ဘာသာရေး ဘုရားကျောင်းနှစ်ခုသို့ ယင်းနေ့မှာပင် ခိုလုံနေခဲ့ရပြီး လက်ရှိမှာ ယင်းဒေသအတွင်း နယ်မြေတည်ငြိမ်နေပြီဖြစ်၍ စစ်ရှောင်စခန်းတွင် နေထိုင်ရာ အခက်ခဲများ ရှိနေသဖြင့် နေရပ်သို့ ပြန်ရခြင်းဖြစ်ကြောင်း သိရသည်။

“သက်ဆိုင်ဌာနတွေကိုလည်း အားလုံး အကြောင်းကြားပြီးပြီ။ မနက်ဖြန် ပြန်ဖို့ အားလုံး စီစဉ်နေတယ်။ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့ (PCG)က ဦးဆောင်ပြီး တခြား လူမှုရေးအဖွဲ့တွေကကော လိုက်ပို့ဖို့ စီစဉ်နေတယ်”ဟု နမ္မတီးမြို့ လမ်းခွကျေးရွာရှိ ကတ်သလစ် ဘုရားကျောင်း စခန်းတာဝန်ခံ ဆရာဦးဇော်လီက ပြောကြားသည်။

မိုးကောင်းမြို့နယ် ကဆုန့်ကျေးရွာသည် နမ္မတီးကျေးရွာနှင့် ဆယ်မိုင်ကျော်ဝေးပြီး အိမ်ခြေ ၄၀၀ ကျော်ရှိ၍ လူဦးရေ တစ်ထောင်ကျော်ရှိပြီး ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေ/ ကေအိုင်အိုအဖွဲ့ ထိန်းချုပ်ရာ ဒေသဖြစ်သည်။

လက်ရှိ မိုးကောင်းမြို့နယ်အတွင်း ဖြစ်ပေါ်နေသော စစ်ရေးအခြေနေအရ ကချင်လွတ်မြောက်ရေးတပ်၊ တပ်မဟာ (၂)၊ တပ်ရင်း (၁၁) ၏ ထိန်းချုပ်ဧရိယာဖြစ်သော နမ့်ခမ်းချောင်းရိုးတစ်လျှောက်မှ ခမွတ်ချောင်း၊ ဖေါ်ကျန်ကုန်းအထိ၊ ဖေါ်ကျန်ကုန်းမှ နမ္မတီးချောင်း၊ ရှန်ချောင်းဖျား၊ မိုင်ခက်ချောင်း၊ ပိတောင်တောင်အထိ၊ ပိတောင်တောင်မှ လက်ထောက်ချောင်း၊ ရီတောင်ချောင်း၊ ဝရောင်တောင်အထိ၊ ဝရောင်တောင်မှ တာရိုးယာန်၊ ဂျောင်ဒေါ့၊ ရှလဲန်ခက်၊ ဖုန်အင်ချောင်းအထိ၊ ကျန်နယ်မြေများကို တားမြစ်နယ်မြေအဖြစ် သြဂုတ်လ ၁၈ ရက်က ထုတ်ပြန်ခဲ့သည်။

R-06