News

POST TYPE

NEWS

ဘော့စတွန်တွင် ရာဂဏန်းပင် မပြည့်သည့် လက်ယာစွန်းဝါဒီများ စုဝေးမှုကို တန်ပြန်ဆန္ဒပြသူ လေးသောင်းကျော်ရှိ
21-Aug-2017 tagged as အမေရိကန်

ဘော့စတွန်၊ သြဂုတ် ၁၉ 

ဗာဂျီးနီးယားတွင် လူဖြူလူမျိုးကြီးဝါဒီများ၏ ဆန္ဒပြပွဲ၌ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီးနောက် တစ်ပတ်မျှအကြာတွင် လက်ယာစွန်းဝါဒီ ဟောပြောသူများ တက်ရောက်မည့် ‘လွတ်လပ်စွာ ထုတ်ဖော်ခွင့်’ ခေါင်းစဉ်တပ် စုဝေးပွဲကို ဘော့စတွန်မြို့တွင် ကျင်းပရန် စီစဉ်ခဲ့ရာ တန်ပြန်ဆန္ဒပြသူ လေးသောင်းကျော်ခန့် လမ်းမပေါ်ထွက် ကန့်ကွက်ဆန္ဒပြခဲ့ကြကြောင်း Reuters သတင်းဌာနက ဖော်ပြသည်။

သမိုင်းဝင် ဘော့စတွန် အများပိုင်ပန်းခြံတွင် ပွဲစီစဉ်သူများ ဖိတ်ကြားထားသော လက်ယာစွန်းဝါဒီ လဟောပြောသူများမှာ အကာအရံတစ်ခုအတွင်း စုနေခဲ့ရပြီး နှစ်ဖက်သီးခြားစီ ဖြစ်စေရန် ရဲများက လုံခြုံရေးယူပေးခဲ့ရသည်။ ၏

ပြီးခဲ့သည့်အပတ်က ဗာဂျီးနီးယားပြည်နယ် ရှားလော့စ်ဗီးလ်တွင် ဖြစ်ပွားသကဲ့သို့ လူဖြူလူမျိုးကြီးဝါဒီများနှင့် ကန့်ကွက်သူများအကြား ရုန်းရင်းဆန်ခတ် မဖြစ်စေရန် လုံခြုံရေး အထူးတင်းကျပ်ထားခဲ့ရသည်။ ရှားလော့စ်ဗီးလ်တွင် လူဖြူလူမျိုးကြီးဝါဒီတစ်ဦးက ကားဖြင့် ဝင်တိုက်ခဲ့ခြင်းကြောင့် တန်ပြန်ဆန္ဒပြသူ အမျိုးသမီးတစ်ဦး သေဆုံးပြီး ၁၉ ဦး ဒဏ်ရာရခဲ့သည်။

အမေရိကန်တွင် အစောဆုံး ပန်းခြံတစ်ခု ဖြစ်သော အများဆိုင် ပန်းခြံတစ်ဝိုက်ရှိ လမ်းများတွင် ကန့်ကွက်ဆန္ဒပြသူ အရေအတွက်ပါ လေးသောင်းဝန်းကျင်အထိ ရှိနိုင်ကြောင်း ရဲတပ်ဖွဲ့က ခန့်မှန်းထားသည်။

ရဲ ၅၀၀ ခန့်ဖြင့် လုံခြုံရေး ယူထားခဲ့သလို အတားအဆီးများ၊ မြေသယ်ကားဖြူကြီးများ ပန်းခြံတစ်လျှောက် ဖြန့်ထားပြီး ရှားလော့စ်ဗီးလ်နှင့် ဥရောပတွင် ဖြစ်ခဲ့သလို ကားဖြင့် လူအုပ်ထဲ ဝင်တိုက်ခြင်းမျိုး မဖြစ်စေရန် အဓိကထား ကာကွယ်ပေးခဲ့သည်။

လက်ယာစွန်းဝါဒီများ၏ စုဝေးမှုမှာ လူဒါဇင်အနည်းငယ်သာ ရှိခဲ့ပြီး ဟောပြောသူများမှာလည်း တန်ပြန်ဆန္ဒပြသူများ၏ အော်ဟစ်ကန့်ကွက်သံများကြောင့် အသံပင် တိုးမပေါက်ခဲ့ပေ။ စုဝေးပွဲကို စီစဉ်ထားသည်ထက် တစ်နာရီခန့်စော ကျင်းပခဲ့သည်။

တန်ပြန်ဆန္ဒပြသူများမှာ လက်ယာစွန်းဝါဒီများ၏ စုဝေးပွဲကို လာရောက်သူများကို ဝိုင်းရန်ပြီး ‘ရှက်ဖွယ်’၊ ‘အိမ်ပြန်တော့’ ဟု အော်ဟစ်လှောင်ပြောင်ခဲ့ကြသလို ရေဘူးများဖြင့် ပစ်ပေါက်မှုများလည်း ရှိခဲ့သည်။ ရဲများက စုဝေးပွဲလာသူများကို လုံခြုံရေးပေးပြီး ခေါ်ထုတ်ခဲ့ရကာ တန်ပြန်ဆန္ဒပြသူအချို့၏ ဟန့်တားမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။

ရှားလော့စ်ဗီးလ်မှ အကြမ်းဖက်မှုသည် ထရမ့်လက်ထက်တွင် အကြီးဆုံး ပြည်တွင်းအကျပ်အတည်း ဖြစ်လာခဲ့သည်။ ထရမ့်သည် ဖြစ်စဉ်အတွက် လူဖြူအမျိုးသားရေးဝါဒီများကို တိုက်ရိုက်အပြစ်မတင်ဘဲ နှစ်ဖက်စလုံးကို အပြစ်ဖို့ခဲ့ခြင်းကြောင့် ဝေဖန်ခံခဲ့ရသည်။ သို့သော်လည်း ထရမ့်က ရှားလော့စ်ဗီးလ်မြို့ရှိ အမေရိကန်ပြည်တွင်းစစ်အတွင်း ကျွန်စနစ်ကို ဆက်ထိန်းထားလိုသည့် ကွန်ဖက်ဒရိတ်ဘက်မှ ဗိုလ်ချုပ်ကြီး ရောဘတ်အီးလီး၏ရုပ်တု ဖယ်ရှားမည့် အစီအစဉ်ကို ကန့်ကွက်ခဲ့ကြသည့် အုပ်စုထဲတွင်လည်း လူကောင်းများ ပါဝင်ကြောင်း ထပ်မံပြောကြားခဲ့သည်။

ယခုဘော့စတွန်ဖြစ်စဉ်တွင်မူ ထရမ့်က တန်ပြန်ဆန္ဒပြသူများကို ချီးကျူးခဲ့သည်။

“တစ်ယူသန်မှုနဲ့ အမုန်းတရားကို ဆန့်ကျင်ဖော်ထုတ်ရဲတဲ့ ဘော့စတွန်က ဆန္ဒပြသူ အများအပြားကို ချီးကျူးဂုဏ်ပြုလိုပါတယ်။ ကျုပ်တို့ရဲ့တိုင်းပြည်ဟာ တပေါင်းတစည်းတည်း ဖြစ်လာတော့မှာပါ။ ကျုပ်တို့ရဲ့ ကြီးမြတ်တဲ့ တိုင်းပြည်ဟာ ဆယ်စုနှစ်ပေါင်းများစွာ ကွဲပြားလာခဲ့တာပါ။ တစ်ခါတစ်ရံမှာ ကုစားနိုင်ဖို့ ဆန္ဒပြတယ်ဆိုတာ လိုအပ်ပါတယ်။ ကျုပ်တို့တွေ ကုစားကြမယ်၊ အရင်ကထက် ပိုသန်မာလာကြမယ်” ဟု ထရမ့်က သူ့ထုံးစံအတိုင်း တွစ်တာလူမှုကွန်ရက်တွင် ရေးသားခဲ့သည်။

ဘော့စတွန်ဖြစ်စဉ်တွင် လူ ၃၃ ဦး အဖမ်းခံခဲ့ရပြီး အဓိကအားဖြင့် လုံထိန်းဝတ်စုံဝတ် ရဲများကို ကျောက်ခဲများ၊ ကျင်ငယ်ပုလင်းများဖြင့် ပစ်ပေါက်ခဲ့သူများကို ဖမ်းဆီးခြင်း ဖြစ်သည်။
 “ထိပ်တိုက်တိုးမှု အနည်းငယ် ရှိခဲ့ပါတယ်။ ပါဝင်သူ ၉၉ ဒသမ ၉ ရာခိုင်နှုန်းကတော့ မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့ကြတာပါ” ဟု ရဲမင်းကြီး ဝီလျံအီဗန်စ်က ပြောကြားခဲ့သည်။

“သူတို့ရှင်းရှင်းလင်းလင်း ကျယ်ကျယ်လောင်လောင် ကြားသွားပါပြီ။ ဘော့စတွန်ဟာ အမုန်းစကားတွေကို သည်းခံမှာ မဟုတ်ဘူး” ဟု လူမျိုးရေးခွဲခြားမှု ဆန့်ကျင်သည့် တန်ပြန်ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော အသက် ၅၈ နှစ်အရွယ် အိုဝင်တော်နီက ပြောကြားခဲ့သည်။

F-03