News

POST TYPE

NEWS

ပညာရေး ရလဒ်ကောင်းရေး ကျောင်းအုပ်ကြီးများ မှန်မှန်ကန်ကန်လုပ်ရန် သတိပေး
ရန်ကုန်၊ ဇူလိုင် ၉ဒ

ကျောင်းတစ်ကျောင်းချင်းစီအလိုက် ပညာရေး ရလဒ်ကောင်းရေး ဘာသာရပ်အလိုက် ကျွမ်းကျင်ဆရာများကို ကျွမ်းကျင်ဘာသာရပ် သင်ကြားစေခြင်းမှအစ အခြားကိစ္စရပ်များတွင်လည်း ကျောင်းအုပ်ကြီးများ အနေနှင့် မှန်မှန်ကန်ကန် စီမံခန့်ခွဲ လုပ်ကိုင်ကြရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူး (ပညာ) ဒေါ်စန်းစန်းရီက တိုက်တွန်းပြောကြားသည်။

အချို့ကျောင်းများတွင် မြန်မာစာ ကျွမ်းကျင်ပြီး ဘာသာရပ်သင်ကြားမှု အတွေ့အကြုံ များသော်လည်း အခြားဘာသာရပ် တစ်ခုခုကို ပြောင်းလဲသင်ကြားလိုသောကြောင့် ချဉ်းကပ်မှုအမျိုးမျိုး ရှိရာ ကျောင်းသားများ၏ ပညာရေးကိုသာ ရှေးရှု၍ မှန်မှန်ကန်ကန် စီမံခန့်ခွဲရန် တိုက်တွန်းခြင်း ဖြစ်ကြောင်း၊ မှန်ကန်သည့် ကျောင်းအုပ်များ ရှိသကဲ့သို့ လက်ထောက်ဖြစ်သည့် ဘာသာရပ်ပြ ဆရာများကို ဖိနှိပ်ချုပ်ချယ်သည့် ကျောင်းအုပ်များလည်း ရှိကြောင်း ၎င်းက ဆိုသည်။
“ကိုယ်ရဲ့အတွေးကြောင့် ကိုယ်ရဲ့ကလေးအားလုံး ပျက်စီးသွားနိုင်တယ်။ ဒါကြောင့် ကျောင်းအုပ်အတွေးမှန်ဖို့ လိုတယ်။ စိတ်ဓာတ်မှန်တဲ့ ကျောင်းအုပ်ဖြစ်ဖို့ လိုတယ်” ဟု ဒေါ်စန်းစန်းရီက ပြောကြားသည်။

ဘာသာရပ်သင် ဆရာများ အနေနှင့်လည်း ကျောင်းသားတစ်ဦးချင်း၏ အခြေအနေအလိုက် စာတတ်မြောက်စေရန်၊ အတန်းအောင်စေရန် သင်ကြားပေးရန် တိုက်တွန်းလိုပြီး ကလေးများ ပညာရေးကို ရှေးရှု၍ မိမိကျွမ်းကျင်သည့် ဘာသာရပ်ကိုသာ သင်ကြားပေးရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံး ညွှန်ကြားရေးမှူး (ပညာ) ဖြစ်သူ ၎င်းက ဆိုသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ အထက်တန်းကျောင်းအုပ် ဆရာတစ်ဦးက ကျောင်းအုပ်များသည် ပြောင်းသွားတတ်သောကြောင့် ပညာရေးရလဒ်နှင့် အောင်ချက်သည် ကျောင်းအုပ်ကြီးများနှင့် အတိုင်းအတာတစ်ခု အထိသာ သက်ဆိုင်ပြီး ဘာသာရပ်ပြဆရာနှင့် ကျောင်းသားများ၏ စိတ်အားထက်သန်စွာ ကြိုးစားမှုနှင့် ရပ်ရွာ၏ ပံ့ပိုးမှုက အဓိကပိုကျကြောင်း မှတ်ချက်ပြု ပြောဆိုသည်။
အခြေခံပညာ ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးငွေတိုးက “ကျောင်းအုပ်ရဲ့ အရေးပါမှုက ပညာရေး ရည်ရွယ်ချက် တစ်ခုလုံးကို ဗုန်းဗုန်းလဲသွားစေနိုင်ပါတယ်” ဟု ပြောကြားသည်။

ပညာရေးလုပ်ငန်း အားလုံး၏ ထိရောက်မှု၊ မှန်ကန်မှု၊ လုပ်ငန်းခွင် သာယာမှု၊ ဆရာများ စည်းလုံးညီညွတ်မှုတို့သည် ကျောင်းအုပ်တစ်ဦး၏ စီမံခန့်ခွဲ၊ အုပ်ချုပ်မှုအပေါ် အဓိက အခြေတည်ပြီး ကျောင်းအုပ်တစ်ဦး၏ မှန်ကန်သော စီမံအုပ်ချုပ်မှုနှင့် လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်မှုတို့ကိုသာ အဆင့်ဆင့်သော ပညာရေး အရာရှိများက နားလည်အသိအမှတ်ပြုရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ထို့ပြင် ကျောင်းအုပ်များအနေနှင့် ဆရာများနှင့် ကျောင်းသားများကို စနစ်တကျ လမ်းညွှန်နိုင်ရမည့်အပြင် မိဘပြည်သူနှင့် ရပ်ရွာလူမှု အဖွဲ့အစည်းများကိုလည်း ကောင်းစွာ စည်းရုံးနိုင်ရမည်ဖြစ်ပြီး အထက်အရာရှိများကိုလည်း နားလည်လက်ခံနိုင်စေရန် ရှင်းလင်းနိုင်ရမည် ဖြစ်ကြောင်း အခြေခံပညာ ဦးစီးအရာရှိ ဦးငွေတိုးက မှတ်ချက်ပြု ပြောဆိုသည်။