News

POST TYPE

NEWS

ဝမ်းတွင်းမြို့နယ်မှ ပိုးသတ်ဆေး ခတ်ခံရသည့်ရေကို ဓာတ်ခွဲစမ်းသပ်မည်
20-Aug-2017 tagged as ပိုးသတ်ဆေး

မိတ္ထီလာ၊ ဩဂုတ် ၂၀

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ဘုရားစုကျေးရွာအုပ်စုမှ ကျေးရွာ အများသုံး သောက်သုံးရေတွင်း နှစ်တွင်းသည် ဩဂုတ် ၁၈ ရက်နေ့ နံနက်က ပိုးသတ်ဆေး ခတ်ခံရသည့်အတွက် ယင်းရေကို ဓာတ်ခွဲစမ်းသပ်မည်ဖြစ်ကြောင်း ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်က ပြောကြားသည်။

“အဲဒီရေကို သောက်သုံးခြင်း မပြုဖို့နဲ့ ကျွဲ၊ နွားတိရစ္ဆာန်အတွက်လည်း အသုံးမပြုဖို့ မှာထားပါတယ်။ ခတ်တဲ့လူကိုလည်း စုံစမ်းနေပါတယ်။ လက်ရှိအခြေအနေက အေးဆေးပါတယ်။ နောက်ထပ်လည်း မတွေ့ရပါဘူး။ လူနဲ့ ကျွဲ၊ နွားတိရစ္ဆာန် ထိခိုက်သေဆုံးမှုလည်း မရှိပါဘူး”ဟု ၎င်းက ဆိုသည်။ 

အဆိုပါ ရေတွင်းနှစ်တွင်းတွင် ယင်းနေ့က ရေ၏အရောင်မှာ ပုံမှန်မဟုတ်ဘဲ အနံ့ရနေသည့်အပြင် ပိုးသတ်ဆေးဘူးခွံများကိုပါ တွေ့ရှိရသည့်အတွက် ယင်းရေတွင်းနှစ်တွင်းကို လက်ရှိတွင် သုံးစွဲခွင့် မပြုသေးဘဲ ကျန်းမာရေးဌာန၏ ခွင့်ပြုချက်ရရှိမှသာ ပြန်လည် သုံးစွဲရန်ညွှန်ကြားထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ 

အဆိုပါ ရေတွင်း နှစ်တွင်းသည် ပေတစ်ရာကျော်စီ ကွာဝေးပြီး အချင်း လေးပေပတ်လည်၊ အနက် ခုနစ်ပေ ရေတွင်းအဝိုင်းထဲတွင် အဖုံးဖွင့် ဖော့ဆို့ပွင့်ရွှေဆိုက်ပါ ပိုးသတ်ဆေး ၁၀ဝ စီစီ နှစ်ဘူးနှင့် ငါးပေပတ်လည်၊ အနက် ခုနစ်ပေရှိ ရေတွင်းလေးထောင့်ထဲတွင် အဖုံးနှင့် ဖော့ဆို့ပွင့် ရွှေဆိုက်ပါ ပိုးသတ်ဆေး တစ်ဘူးနှင့် အဖုံးနှင့် ဖော့ဆို့ မပိတ်ရသေးသော ပိုးသတ်ဆေး နှစ်ဘူးကို ဆယ်ယူရရှိခဲ့ကြောင်း ဝမ်းတွင်းမြို့မ ရဲစခန်းထံမှ သိရသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကျန်းမာရေးဦးစီးဌာနက လာရောက် စစ်ဆေးလျက်ရှိပြီး ၎င်းတို့၏ ညွှန်ကြားချက်အရ ရေတွင်း နှစ်တွင်းစလုံးမှရေကို ရေစုပ်စက်ဖြင့် စုပ်ထုတ်ထားကြောင်း  ယင်းဒေသခံများထံမှ သိရသည်။ 

ယင်းသို့ ရေတွင်းများထဲသို့ ပိုးသတ်ဆေး ခတ်ခံရမှုနှင့် ပတ်သက်ပြီး အလားတူ ဖြစ်ရပ်မျိုး ထပ်မံ မကြုံတွေ့စေရန် ကျေးရွာတာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိပြီး ပိုးသတ်ဆေး ခတ်သူကိုလည်း စုံစမ်းလျက်ရှိကြောင်း ဝမ်းတွင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းအောင်က ပြောကြားသည်။

R-01