News

POST TYPE

NEWS

ဒေါက်တာတင်မျိုးဝင်း စင်ကာပူတွင် နှလုံးခွဲစိတ်မှု ခံယူမည်

ရန်ကုန်၊ ဩဂုတ် ၂၀

ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းသည် နှလုံးရောဂါ ခွဲစိတ်ကုသရန် စင်ကာပူနိုင်ငံသို့ ရောက်ရှိနေပြီး ခွဲစိတ်မှုကို လာမည့် တနင်္လာနေ့၌  ပြုလုပ်သွားမည်ဖြစ်ကြောင်း ရန်ကုန် ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာအေးကိုကိုက ပြောသည်။

ဒေါက်တာတင်မျိုးဝင်းသည် ဩဂုတ်လ ၁၁ ရက် မွန်းလွဲပိုင်းက ရင်ဘတ်အောင့်၍ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ကာ ဆေးကုသမှု ခံယူနေပြီး ဩဂုတ် ၁၉ ရက်တွင် စင်ကာပူနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာသွားခြင်းဖြစ်သည်။

ဒေါက်တာ တင်မျိုးဝင်းသည် နှလုံးကို ပို့လွှတ်သည့် သွေးကြောပိတ်သည့်အတွက် ခွဲစိတ်ကုသမှုခံယူရန် ဆရာဝန်ကြီးများ တိုင်ပင်၍ စင်ကာပူနိုင်ငံတွင် ဆေးကုသမှုခံယူရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာအေးကိုကိုက ပြောသည်။

“နှလုံးရောဂါဆိုတော့ စိုးရိမ်ရတယ်လည်း မဟုတ်ဘူး၊ မစိုးရိမ်ရဘူးလည်း မဟုတ်ဘူး။ စောစောစီးစီး ကုလိုက်တာကတော့ အကောင်းဆုံးပဲ။ ဒါကြောင့် စောစော သွားကုလိုက်တာပါ”ဟု ၎င်းက ဆိုသည်။

ဒေါက်တာတင်မျိုးဝင်း၏ နှလုံးတွင် ပိတ်နေသည့် သွေးကြောများကို ခွဲစိတ်ကာ သွေးကြော အစားထိုးမှု ပြုလုပ်ပြီးပါက ပိုမိုကောင်းမွန်လာနိုင်ကြောင်း ဒေါက်တာ အေးကိုကိုက ဆိုသည်။

ဒေါက်တာတင်မျိုးဝင်းသည် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ မိသားစု ဆရာဝန်အဖြစ် တာဝန်ယူလျက်ရှိပြီး NLD အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူလည်း ဖြစ်သည်။

၎င်းသည် ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ (DPN)တို့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ တက်ရောက်ကာ မိန့်ခွန်းပြောကြားပြီးနောက် လက်ရှိ ရောဂါခံစားရ၍ ရန်ကုန်ဆေးရုံကြီး၌ သွားရောက် ကုသမှု ပြုလုပ်ခဲ့သည်။

J-09