News

POST TYPE

NEWS

ဥရုချောင်း ရေတက်၍ နမ့်တောတိုက်နယ်ဆေးရုံ ရေနစ်မြုပ်
18-Aug-2017

ကလေး၊ သြဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တောကျေးရွာတွင် ဥရုချောင်း ရေမြင့်တက်ခဲ့ပြီး ကျေးရွာအတွင်းရှိ တိုက်နယ်ဆေးရုံတွင် ရေဝင်ရောက်ခဲ့ရာ လူနာများကို ရေလွတ်ရာသို့ ပြောင်းရွှေ့ပေးရန် စီစဉ်ထားကြောင်း နမ့်တောကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးနေဝင်းက ပြောကြားသည်။

ဥရုချောင်းရေ မြင့်တက်ခဲ့မှုကြောင့် နမ့်တောကျေးရွာ တိုက်နယ်ဆေးရုံအတွင်း သြဂုတ်လ ၁၇ ရက်နေ့မှ စတင်ကာ ရေဝင်ရောက်ခဲ့ပြီး ဆေးရုံအခင်းကြမ်းပြင်မှ အမြင့်တစ်ပေအထိ ရေနစ်မြုပ်နေကြောင်း ဆေးရုံအတွင်း ရေဝင်ခြင်းကြောင့်  ဆေးရုံတွင် တက်ရောက်ဆေးကုမှု ခံနေ ရသော လူနာများကို ရေလွတ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် ပြောင်းရွှေ့ချထားပေးရန် စောင့်ကြည့်လျက်ရှိပြီး ယခုထက် ရေပိုတက်လာပါက ပြောင်းရွှေ့ရန် စီစဉ်ထားကြောင်း ၎င်းက ရှင်းပြသည်။

“အုပ်ချုပ်ရေးမှူးရုံး ရွှေ့ရပြီဆိုရင် လူနာတွေ အတွက်ကတော့ ဆေးရုံလောက်တော့ ဘယ်အဆင်ပြေမလဲ။ ခုတင်လည်း မရှိတော့ ကြမ်းပြင်မှာ ဒီအတိုင်း တန်းပြီးအိပ်ပေါ့။ ဆရာ၊ ဆရာမတွေ ဆရာဝန်တွေလည်း ရေထဲ တစွက်စွက်နဲ့ သွားလိုက်လာလိုက် ဆိုတော့ အဆင်မပြေဘူးပေါ့ဗျာ။ လူနာတွေရော လူနာစောင့်တွေရော အဆင်မပြေဘူးပေါ့” ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေဝင်းက ပြောဆိုသည်။

နမ့်တောတိုက်နယ်ဆေးရုံသည် ၁၆ ခုတင်ဆံ့ ဆေးရုံဖြစ်ကာ လက်ရှိတွင် တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါနှင့် မွေးလူနာစုစုပေါင်း လူဦးရေ ၂၁ ဦး တက်ရောက်ဆေးကုသလျက် ရှိကြောင်း၊ ခွဲစိတ်ခန်းမှာလည်း ရေနစ်နေသည့်အတွက် အရေးပေါ်ခွဲစိတ်မှု ပေါ်ပေါက်ပါက ခွဲစိတ်မှု ပြုလုပ်ရန် ခက်ခဲမည်ဖြစ်ကြောင်း၊ ဟုမ္မလင်းမြို့ပေါ်သို့ ပို့ရန်မှာ ကားလမ်းများလည်း ရေနစ်ပျက်စီးသည့်အတွက် ရေလမ်းကြောင်းကို အားကိုး သွားရောက်ပို့ဆောင်ရမည် ဖြစ်ကြောင်း၊ ၂၅ ခုတင်ဆံ့ ဆေးရုံချထားပေးရန် တင်ပြထားရာ အဆိုပါဆေးရုံ ရရှိပါက ယခုလက်ရှိ ကြုံတွေ့နေရသော ပြဿနာများကို ဖြေရှင်းပြီးဖြစ်မည် ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“လက်ရှိကတော့ ရေက တန့်နေတယ်။ နောက်ထပ် ခြောက်လက်မအထက် ထပ်တက်ရင်တော့ လူနာတွေကို ပြောင်းရွှေ့ရမှာပေါ့” ဟု ဥရုဒေသ နမ့်တောလူငယ်ကွန်ရက်မှ ဦးကျော်စိုးမြင့်က ဆိုသည်။

R-20