News

POST TYPE

NEWS

ၾသစေၾတးလ် အမျိုးသမီးလွှတ်တော်အမတ် ခေါင်းမြီးခြုံ လွှတ်တော်တက်ပြီး နိုင်ငံတွင်း မျက်နှာပြည့် ခေါင်းမြီးခြုံခွင့် ပိတ်ပင်ရန် အဆိုတင်သွင်း
18-Aug-2017

ကန်ဘာရာ၊ သြဂုတ် ၁၇

သြစတြေးလျ လက်ယာစွန်းဝါဒီ One Nation ပါတီခေါင်းဆောင် အမျိုးသမီး လွှတ်တော်အမတ် ပေါ်လင်းဟန်ဆင်သည် လွှတ်တော်တွင်းသို့ ခေါင်းမြီးအပြည့်ခြုံ ဝင်ရောက်လာခဲ့ပြီး နိုင်ငံတွင်း မျက်နှာပြည့် ခေါင်းမြီးခြုံခွင့် ပိတ်ပင်ရန် အဆိုတင်သွင်းခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။

ဟန်ဆင်မှာ ခေါင်းမြီးအပြည့်ခြုံပြီး လွှတ်တော်တွင်း ဝင်ရောက်လာခဲ့သောကြောင့် မည်သူမည်ဝါမှန်း ချက်ချင်းမသိနိုင်ရာ အခြားအမတ်များ အံ့သြတုန်လှုပ်ခဲ့ရသည်။

လွှတ်တော်တွင်း နာမည်ခေါ်ပြီးနောက် ဟန်ဆင်က ခေါင်းမြီးခြုံထားသည်ကို ဖယ်ရှားပြီး “ဒါက ဒီလွှတ်တော်နဲ့ မအပ်စပ်တဲ့အရာပါ။ ဒီတိုင်းပြည်ရဲ့ အမျိုးသားလုံခြုံရေးအတွက် သြစတြေးလျမှာ ဘူရ်ခါ (ခေါင်းမြီးခြုံဝတ်စုံ) ကို ပိတ်ပေးနိုင်မလား” ဟု ရှေ့နေချုပ် ဂျော့ခ်ျဘရန်ဒစ်ကို မေးခွန်းထုတ်ခဲ့သည်။

ရှေ့နေချုပ် ဘရန်ဒစ်က ဟန်ဆင်၏ လုပ်ရပ်ကို ဝေဖန်ခဲ့ပြီး ဘာသာရေး အဖွဲ့အစည်းများကို စော်ကားရာရောက်သည့် အပြုအမူများ မလုပ်ဆောင်ရန် သတိပေးခဲ့သည်။

ဘရန်ဒစ်၏ တုံ့ပြန်မှုကို အတိုက်အခံပါတီများကပါ မတ်တပ်ရပ် လက်ခုပ်လက်ဝါးတီးကာ အားပေးခဲ့ကြပြီး ဟန်ဆင်၏ အဆိုပြုချက်ကို မထောက်ခံကြောင်း ပြသခဲ့ကြသည်။

ဟန်ဆင်၏ လုပ်ရပ်သည် အစ္စလာမ်ဘာသာ ကိုးကွယ်သော သြစတြေးလျနိုင်ငံသား ငါးသိန်းခန့်ကို ခွဲခြားဆက်ဆံရာ ရောက်ကြောင်း ဘရန်ဒစ်က တုံ့ပြန်ခဲ့သည်။

“ဒီအသိုင်းဝိုင်းကို လှောင်ပြောင်ဖို့၊ ချောင်ထိုးထားဖို့၊ ဘာသာရေးဝတ်စုံကို စော်ကားဖို့ ဆိုတာ စိတ်ပျက်စရာ လုပ်ရပ်ပါ။ ခင်ဗျားလုပ်ရပ်က ခင်ဗျားဘယ်လိုလူလဲ ဆိုတာ ထင်ဟပ်နေပါတယ်။ မရပါဘူး။ အထက်လွှတ်တော်အမတ် ဟန်ဆင်ခင်ဗျား။ ကျုပ်တို့ ဘူရ်ခ်ကို ပိတ်မှာ မဟုတ်ပါဘူး” ဟု ရှေ့နေချုပ် ဘရန်ဒစ်က တုံ့ပြန်ခဲ့သည်။

ဟန်ဆင် ခေါင်းမြီးခြုံပြီး လွှတ်တော်တွင်း ဝင်လာချိန်တွင် အုတ်အုတ်သဲသဲ ဖြစ်သွားခဲ့ပြီး အမတ်တစ်ဦးက “ဟာ၊ ဘယ်လိုတုန်းဟ” ဟု အော်ဟစ်ပြောကြားလိုက်သံပင် ကြားခဲ့ရသည်ဟု သြစတြေးလျ ရုပ်သံလွှင့် ကော်ပိုရေးရှင်းက ဖော်ပြသည်။

အထက်လွှတ်တော် ဥက္ကဋ္ဌ စတီဖင်ပယ်ရီက ဟန်ဆင် လွှတ်တော်တွင်း ဝင်မလာမီ မည်သူမည်ဝါ ဖြစ်ကြောင်း စစ်ဆေးခဲ့သည်ဟု အတည်ပြုသည်။

ဟန်ဆင်၏ အဆိုပြုချက်ကို သြဂုတ်လ ၁၇ ရက်နေ့ ညနေပိုင်းတွင် လွှတ်တော်တွင်း ဆွေးနွေးကြမည် ဖြစ်သည်။

အွန်လိုင်းတွင် ထုတ်ပြန်ထားသော ဟန်ဆင်၏ ကြေညာချက်၌ “အများပြည်သူ သွားလာရာ နေရာတွေမှာ မျက်နှာအပြည့် ခေါင်းမြီးခြုံတာကို ပိတ်ပင်ဖို့ လိုအပ်ချက်ဟာ ခေတ်သစ်သြစတြေးလျမှာ ရင်ဆိုင်နေရတဲ့ အရေးပါတဲ့ ကိစ္စတစ်ရပ် ဖြစ်ပါတယ်” ဟု ဖော်ပြထားသည်။

ဟန်ဆင်၏ အဆိုပြုချက်ကို တုံ့ပြန်ခဲ့သော ရှေ့နေချုပ်ဘက်မှ အာဏာရပါတီက သာမက အတိုက်အခံ လေဘာပါတီနှင့် ဂရင်းပါတီတို့ကပါ ထောက်ခံခဲ့ခြင်းမှာ အစိုးရနှင့် အတိုက်အခံ အများစု ရှားရှားပါးပါး တစ်သဘောတည်း ရှိသည့် ဖြစ်စဉ်ဖြစ်ခဲ့ရာ ဟန်ဆင်၏အဆို အောင်မြင်ရန် လွယ်ကူမည် မဟုတ်ပေ။ 
“ဘာသာရေးဆိုင်ရာဝတ်စုံ ဝတ်ဆင်တာမှာ ယုံကြည်ကိုးကွယ်မှုကို ရိုးရိုးသားသား ပြသတာက တစ်မျိုး၊ အခုလို လွှတ်တော်ထဲ ဝတ်လာပြီး စတန့်ထွင်တာနဲ့ မတူပါဘူး” ဟု လေဘာပါတီမှ အထက်လွှတ်တော်အမတ် ပန်နီဝေါင်က ဝေဖန်ခဲ့သည်။

ဂရင်းပါတီခေါင်းဆောင် ရစ်ချတ် ဒီနာတယ်လီကလည်း ရှေ့နေချုပ်ဘရန်ဒစ်၏ တုံ့ပြန်ဖြေရှင်းမှုကို ချီးကျူးခဲ့သည်။

လက်ယာစွန်းဝါဒီ ဟန်ဆန်သည် ၁၉၉၆ ခုနှစ် လွှတ်တော်အမတ် စဖြစ်ကတည်းက အငြင်းပွားဖွယ်ရာများကို ဖန်တီးခဲ့သူ ဖြစ်သည်။

သြစတြေးလျသည် မွတ်ဆလင်များ လွှမ်းမိုးခံနေရပြီ ဖြစ်ကြောင်း ဝေဖန်သည့် မိန့်ခွန်းကို ၂၀၁၆ ခုနှစ်က ပြောကြားခဲ့ဖူးသည်။ လွန်ခဲ့သည့် နှစ်လကလည်း ကျောင်းစာသင်ခန်းများအတွင်း အထီးကျန် စိတ်ဝေဒနာ (autism) ရှိသော ကလေးများကို တွဲမသင်သင့်ကြောင်း အဆိုပြုခဲ့ဖူးသဖြင့် ဝေဖန်ခံခဲ့ရဖူးသည်။

F-03