News

POST TYPE

NEWS

ပြည်သူရွေးချယ်သော ဒီမိုကရေစီ အောင်မြင်လိုကြောင်း တပ်ချုပ်ဆို
17-Aug-2017

ရန်ကုန်၊ ဩဂုတ် ၁၇

တပ်မတော်အနေနှင့် ပြည်သူရွေးချယ်သော ဒီမိုကရေစီနှင့် တိုင်းပြည်တည်ငြိမ်ပြီး ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

ဩဂုတ်လ ၁၇ ရက်၌ တာဝန်ပြီးဆုံး၍ မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည့် ဥရောပ သမဂ္ဂအဖွဲ့ရုံးမှ သံအမတ်ကြီး H.E .MR.Roland Kobia နှင့် တပ်ချုပ်တို့သည် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့ကြောင်း တပ်ချုပ်ရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် တွေ့ကြုံနေရသည့် အခက်အခဲများအား လူ့သဘော သဘာဝကို သိရှိနားလည်မှုအပေါ် အခြေခံ၍ တစ်ဆင့်ပြီးတစ်ဆင့် ဖြေရှင်း ကျော်လွှားရမည်ဖြစ်ကြောင်း၊ အရေးကြီးသည်မှာ ပြုပြင်ပြောင်းလဲမှုတွင် ပါဝင်လုပ်ဆောင်နေသူများ၏ တိုင်းပြည်အပေါ် စိတ်ရင်း စေတနာကောင်းထားရှိမှုပင်ဖြစ်ကြောင်း၊ တပ်မတော်အနေနှင့် ပြည်သူက ရွေးချယ်သော ဒီမိုကရေစီစနစ် အောင်မြင်စေလိုကြောင်း၊ တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်စေလိုကြောင်း၊ တပ်မတော်၏ ရပ်တည်ချက်ကို ပြောဆိုခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံ၏ပြုပြင်ပြောင်းလဲမှုများတွင် အဓိကအားဖြင့် ရင်ဆိုင်နေရသည့် အခက်အခဲမှာ ဒီမိုကရေစီ အတွေ့အကြုံအားနည်းပြီး ရင့်ကျက်မှု မရှိသေးခြင်၊ ဗဟိုဦးစီးစနစ်ဖြင့် အုပ်ချုပ်ခဲ့သည့်နှစ် ၅၀ ကျော်၊ ၆၀ နီးပါး ကာလအတွင်း နိုင်ငံရေး၊ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ပုဂ္ဂိုလ်ရေးအရ ခံစားချက် ရှိခဲ့ကြသည့် လူပုဂ္ဂိုလ်အချို့နှင့် နိုင်ငံရေးစနစ်နှစ်ခု အားပြိုင်မှုကြောင့် ရရှိလာသည့် ခံယူချက်ရှိသူ အချို့သည် ယနေ့တိုင် အုပ်ချုပ်သူအစိုးရအပေါ် အတိုက်အခံ လုပ်ဆောင်နေကြောင်း တပ်ချုပ်က ပြောဆိုဆွေးနွေးခဲ့သည်။

ထို့အတူ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးနှင့် ဒီမိုကရေစီအရေးကို တစ်ဆင့်ချင်း ပြောင်းလဲမည်ဟု တပ်ချုပ်က ဆိုသည်။

J-07


  • VIA