News

POST TYPE

NEWS

ကန်ကြီးထောင့် အထည်ချုပ်စက်ရုံ ရေနွေးငွေ့ပိုက်လိုင်း အဆက်ပြုတ်ထွက်ရာမှ ၁၁ ဦး ဆေးရုံရောက်
17-Aug-2017 tagged as ဧရာဝတီတိုင်း

ကန်ကြီးထောင့်၊ ဩဂုတ် ၁၇

ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ ဟွာမုန် (ဂျင်းသားနှင့် ဆွဲသား) အထည်ချုက်စက်ရုံတွင် ဩဂုတ် ၁၇ ရက် နံနက်ပိုင်းက အထည်များကို မီးပူတိုက်သည့်နေရာမှ ရေနွေးငွေ့ပိုက်လိုင်း အဆက် ပြုတ်ထွက်ပြီး ရေနွေးငွေ့များ ပန်းထွက်သည်ကို ထွက်ပြေးသော စက်ရုံလုပ်သား ၁၁ ဦး ဆေးရုံရောက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

“စစဖြစ်ဖြစ်ချင်းတော့ ဘွိုင်လာ ပေါက်တယ်ဆိုပြီး သိရတာပါ၊ စက်ရုံထဲ ရောက်သွားတော့မှ ရေနွေးငွေ့ပိုက်လိုင်း အဆက်ပြုတ်ထွက်တဲ့အသံကို ဘွိုင်လာ ပေါက်တယ်ဆိုပြီး အလုပ်သမားတွေ မှန်တံခါးကိုခွဲပြီး အတင်း တွန်းထွက်ကြတာပါ၊ ဆေးရုံ တက်ရောက်ရတဲ့ အလုပ်သမားတွေအတွက် ငွေကြေး ထောက်ပံ့ပေးထားပါတယ်”ဟု ဟွာမုန် အထည်ချုပ်စက်ရုံ တာဝန်ခံမန်နေဂျာ မစ္စတာလီကျင့်မြီက ရှင်းပြသည်။

အဆိုပါကိစ္စရပ်နှင့်ပတ်သက်၍ စက်ရုံမှာ တာဝန်ရှိသူများကို ရဲစခန်းတွင် ခေါ်ယူကာ မေးမြန်းနေကြောင်း၊ ပိုက်နှင့် ပိုက်ခေါင်းဆက်သာ ပျက်စီး ဆုံးရှုံးသည်ကို ကနဦး တွေ့ရသေးကြောင်း၊ လတ်တလောတွင် အမှုဖွင့်လှစ်ထားခြင်း မရှိကြောင်း ကန်ကြီးထောင့် မြို့မရဲစခန်းမှူး ဒုရဲမှူးမင်းဆွေက ပြောကြားသည်။ 

ဟွာမုန် အထည်ချုပ်စက်ရုံတွင် ယင်းနေ့ နံနက် ၈ နာရီကျော်က မီးပူတိုက်သော ရေနွေးငွေ့ ပိုက်လိုင်းဆက် ပြုတ်ထွက်ခဲ့ကြောင်း၊ ရေနွေးငွေ့နှင့် လေသံများကြောင့် စက်ရုံတွင်း အလုပ် လုပ်နေသူများက ဘွိုင်လာ ပေါက်ကွဲသည်ဟု ထင်မှတ်ကာ တွန်းထိုးထွက်ပြေးခဲ့ကြောင်း၊ ယင်းကြောင့် အလုပ်သမား ၁၁ ဦး မူးမော်ခြင်း၊ လဲကျခြင်းများရှိသဖြင့် ကန်ကြီးထောင့်ဆေးရုံသို့ ပို့ဆောင်ကုသခဲ့ရကြောင်း ကန်ကြီးထောင့်မြို့မ ရဲစခန်း၏ ထုတ်ပြန်ချက်အရ သိရသည်။ 

ကုသရသူများအနက် ယခင် နှလုံးရောဂါအခံရှိသော အမျိုးသမီး သုံးဦးမှာ ပုသိမ်ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ စက်ရုံကို ၁ နာရီခန့် ရပ်နားခဲ့ပြီး ပုံမှန် လည်ပတ်နေကြောင်း ကန်ကြီးထောင့်မြို့ မီးသတ်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ကန်ကြီးထောင့်မြို့ရှိ ဟွာမုန် အထည်ချုပ်စက်ရုံကို ၂၀၁၆ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး အလုပ်သမားဦးရေ ၂၇၀ ကျော်ရှိကြောင်း၊ ဇူလိုင်လကုန်ပိုင်းက အလုပ်သမား သုံးဦးကို အလုပ်ထုတ်သည့်ကိစ္စဖြင့် ပြဿနာ ဖြစ်ပွားခဲ့သည်။