News

POST TYPE

NEWS

ဒေါက်တာသန်းထွန်း ဖောင်ဒေးရှင်း ထူထောင်မည်
17-Aug-2017 tagged as

နေပြည်တော်၊ သြဂုတ် ၁၇

အထက်တန်းဆင့်နှင့် တက္ကသိုလ်များတွင် သမိုင်းဘာသာရပ် အထူးပြုသင်ကြားသည့် ကျောင်းသားနည်းလာသဖြင့် သမိုင်းဘာသာရပ် အထူးပြု ထူးချွန်ကျောင်းသားများ၊ သုတေသန လုပ်ဆောင်နေသည့် ဆရာများကိုကူညီရန်နှင့် သမိုင်းပညာရှင် ဆရာကြီး ဒေါက်တာသန်းထွန်းကို ဂုဏ်ပြုသည့်အနေနှင့် ဒေါက်တာသန်းထွန်း ဖောင်ဒေးရှင်း ဖွဲ့စည်းထူထောင်မည်ဖြစ်ကြောင်း မြန်မာသမိုင်းအဖွဲ့ဝင် ဒေါက်တာတိုးလှက ပြောကြားသည်။

ယင်းသို့ထူထောင်ရန် ရန်ကုန်တက္ကသိုလ် သမိုင်းဌာန၊ အငြိမ်းစား ပါမောက္ခလည်းဖြစ် အမျိုးသားပညာရေး မူဝါဒကော်မရှင် အဖွဲ့ဝင်လည်းဖြစ်သည့် ဦးထွန်းအောင်ချိန် ဦးဆောင်သည့် မြန်မာ့သမိုင်းအဖွဲ့ ပညာရှင် ၆ ဦးဖြင့် ဒေါက်တာသန်းထွန်း ဖောင်ဒေးရှင်း ဖြစ်မြောက်ရေး ကော်မတီကို သြဂုတ်လ ၁၃ရက်တွင် ဖွဲ့စည်းခဲ့သည်။

ဖောင်ဒေးရှင်အနေနှင့် သမိုင်းသုတေသနဂျာနယ်များ ထုတ်ဝေခြင်း၊ စာတမ်းဖတ်ပွဲများ ပြုလုပ်ခြင်း၊ သမိုင်းဖြင့် ဘွဲရသူများ မဟုတ်သော်လည်း သမိုင်းဝါသနာရှင်များကို ဖောင်ဒေးရှင်းတွင်ပါဝင်ရန် ဖိတ်ခေါ်ခြင်းကိစ္စများကို ဆောင်ရွက်သွားရန် ဖြစ်မြောက်ရေးကော်မတီက အသင်းအဖွဲ့စည်းမျဉ်းများ ရေးဆွဲနေသည်ဟု ဒေါက်တာတိုးလှက ရှင်းပြသည်။

မန္တလေးတက္ကသိုလ် အငြိမ်းစား သမိုင်းပါမောက္ခ ဒေါက်တာဘမောင်က လွန်ခဲ့သည့် ဆယ်စုနှစ်များမှစပြီး အထက်တန်းကျောင်းများတွင် သမိုင်းဘာသာရပ်တွဲကို ယူမည့်သူ မရှိသလောက်ရှားပါးပြီး သိပ္ပံဘာသာတွဲသည် လွယ်ကူသည်ဟုသော အယူအဆကြောင့် သမိုင်းဘာသာရပ်ကို မယူခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောကြားသည်။

သမိုင်းပညာရှင် ဒေါက်တာသန်းထွန်းကို ဂုဏ်ပြုသည့် ဒေါက်တာသန်းထွန်း ဖောင်ဒေးရှင်း ဖွဲ့စည်းထူထောင်မည့် ကိစ္စများနှင့်ပတ်သက်၍ စုံးစမ်းလိုသူများသည် ပြည်လမ်း အမျိုးသားပြတိုက်ရှိ မြန်မာသမိုင်းအဖွဲ့ရုံးရှိရာကို ရုံးချိန်အတွင်း စုံးစမ်းနိုင်ကြောင်း မြန်မာ့သမိုင်းအဖွဲ့မှ သိရှိရသည်။

ဒေါက်တာသန်းထွန်းသည် မြန်မာ့သမိုင်းပညာရှင် တစ်ဦးဖြစ်ပြီး အသက် ၈၂ နှစ်အရွယ် ၂၀၀၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကွယ်လွန်ခဲ့သည်။ 

T.L

  • TAGS