News

POST TYPE

NEWS

တောင်းရမ်း ကလေးသူငယ်များ ပပျောက်ရေး စီမံချက်ဖြင့် လုပ်ဆောင်
17-Aug-2017

မန္တလေး၊ ဩဂုတ် ၁

မန္တလေးမြို့တော်တွင် တောင်းရမ်းစားသောက်နေသော ကလေးငယ်များ ပပျောက်ရေးအတွက် စီမံချက်ဖြင့် ဆက်လက် လုပ်ဆောင်မည်ဖြစ်ကြောင်း မန္တလးတိုင်း လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဝင်းက ပြောကြားသည်။

မန္တလေးမြို့ပေါ် လူစည်ကားသည့်နေရာများတွင် တောင်းရမ်းစားသောက်နေသူများကို ဖမ်းဆီးခဲ့ရာ ဩဂုတ်လ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ ကလေးငယ် ၄၀ ဦး၊ သက်ကြီးရွယ်အို နှစ်ဦး၊ အမျိုးသမီး ၁၉ ဦး၊ မသန်စွမ်းတစ်ဦးတို့ကို လူမှုဝန်ထမ်း ဦးစီးဌာနသို့ အပ်နှံခဲ့ကြောင်း၊ ယင်းတို့ အနက် ကလေးသူငယ် ၂၅ ဦး၊ အမျိုးသမီး ၁၅ ဦး၊ သက်ကြီးရွယ်အိုနှစ်ဦးတို့ကို ခံဝန်ဖြင့် မိသားစုထံ ပြန်လည် အပ်နှံခဲ့ကြောင်း၊ ကလေးသူငယ်များကို နောက်ကွယ်မှစေခိုင်းသည့် အမျိုးသမီး ရှစ်ဦးကို တရားစွဲဆိုခဲ့ရာ ယင်းအနက်ခြောက်ဦးကို ထောင်ဒဏ် ခြောက်လစီ ပြစ်ဒဏ် ချမှတ်ခဲ့ပြီး နှစ်ဦးကို စည်ပင်သာယာရေး ဥပဒေဖြင့် တရားစွဲဆိုထားကြောင်း ၎င်းက ရှင်းပြသည်။

တောင်းရမ်း စားသောက်သည့် ကလေးငယ်များ လျော့နည်းပပျောက်ရေးအတွက် တိုင်းအဆင့်ရှိ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများ ဖွဲ့စည်းထားရှိကာ ကြိုတင်ကာကွယ်ခြင်း၊ ကာကွယ်စောင့်ရှောက်ခြင်း၊ မိသားစုနှင့် ပြန်လည် ပေါင်းစည်းစေခြင်းနှင့် ပြန်လည် ထူထောင်ခြင်း၊ အပြစ်ပေး အရေးယူခြင်း စသည့် လုပ်ငန်းစဉ်လေးရပ်ဖြင့် စီမံချက် ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း ၎င်းကပြောဆိုသည်။

လက်ရှိတွင် ဖမ်းဆီးခံထားရသူများကို လူငယ်သင်တန်းကျောင်းသို့ ပို့ဆောင်ထားပြီး နောက်ကွယ်မှစေခိုင်းသည့် မိဘများကို ကလေးသူငယ် ဥပဒေဖြင့် အရေးယူခဲ့ကြောင်း၊ အရွယ်ရောက်ပြီး တောင်းရမ်းစားသောက်သူများကို စည်ပင်သာယာဥပဒေဖြင့် အရေးယူမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ သန့်ရှင်းရေးဌာန၊ ဌာနခွဲမှူး ဦးစိုးတင့်အောင်က ပြောကြားသည်။

“တောင်းရမ်းတဲ့ကလေးတွေ ပပျောက်ဖို့ဆိုရင် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေရော ဒေသခံတွေရော ပူးပေါင်းဆောင်ရွက်မှ ဖြစ်မယ်။ တိုင်ကြားသူရှိရင် ဖမ်းဆီးထိန်းသိမ်းပြီး လူမှုဝန်ထမ်းကို ပို့မယ်။ လူမှုဝန်ထမ်းက သင်တန်းကျောင်းတွေမှာ သက်မွေးပညာတွေ သင်ပေးမယ်”ဟု ၎င်းက ပြောဆိုသည်။

မန္တလေးမြို့ပေါ်တွင် တောင်းရမ်းနေသည့် ကလေးသူငယ်များကို တွေ့ရှိပါက မန္တလေးတိုင်း လူမှုဝန်ထမ်းဦးစီးမှူးရုံး ဖုန်း- ဝ၉-၂၀၁၀၄၄၂ ၊ မန္တလေးတိုင်း ကလေးသူငယ်ရဲတပ်ဖွဲ့ ဝ၉-၅၁၉၃၆၃၄၊ ဝ၉-၄၃၀၁၃၁၄၁၊ မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ၊ သန့်ရှင်းရေးဌာန၊ ဖုန်း ဝ၉-၂၀ဝ၀၃၁၄ သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း ယင်းဌာနများထံမှ သိရသည်။     

ဝင်းရွှေရည်ဦး

  • VIA