News

POST TYPE

NEWS

ငါးမင်းဆွေကို မန္တလေးမြို့ခံ အမျိုးသမီးတစ်ဦးက ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်
မန္တလေး၊ ဩဂုတ် ၁၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လွတ်လပ်သည့် အမျိုးသားများအနေနှင့် ချစ်ခွင့်ပန်ခွင့်၊ လက်ထပ်ခွင့် တောင်းယူနိုင်ကြောင်း လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခဲ့သည့် ငါးမင်းဆွေ (ခ) ဦးမင်းဆွေကို ပြည်ကြီးတံခွန်မြို့နယ်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဩဂုတ်လ ၁၁ ရက်နေ့တွင် ဆက်သွယ်ရေးဥပဒေဖြင့် အမှုဖွင့်ခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ယင်းသို့ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားခြင်းသည် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း၊ မိမိကိုယ်တိုင်လည်း မကျေနပ်သည့်အတွက် ယခုကဲ့သို့ အမှုဖွင့်ခဲ့ခြင်းဖြစ်ကြောင်း ရဲစခန်းသို့ တိုင်ကြားခဲ့သည့် ဒေါ်ဇာဇာထွန်းက ပြောကြားသည်။

“သူ ရေးသားထားတာက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေတယ်လို့ ထင်တယ်။ ပြီးတော့ ဒီတစ်ခုတည်း မဟုတ်ဘူး၊ သူရေးထားတာတွေ အများကြီးရှိတယ်။ ကျွန်မ လက်လှမ်းမီသလောက် သက်သေအဖြစ် ရှာဖွေထားတာတွေ ရှိပါတယ်။ အဲဒီလိုရေးသားထားတာတွေကို မကျေနပ်တဲ့အတွက် အမှုဖွင့်ပေးဖို့ ရဲစခန်းကို သွားတိုင်တာပါ။ စခန်းမှူးကလည်း ဒီအမှုကိုလက်ခံပြီး အမှုဖွင့်ထားကြောင်း အကြောင်းပြန်ထားပါတယ်”ဟု ၎င်းက ပြောဆိုသည်။

လူမှုကွန်ရက် စာမျက်နှာတွင် စာများ ရေးသားသည့်အခါတိုင်း မှတ်ချက်ပြုသူများက ဆဲဆိုရေးသားကြသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်သည် အမျိုးသမီးတစ်ယောက်သာဖြစ်ပြီး သာမန် လွတ်လပ်သည့် အမျိုးသားတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခွင့်ပန်နိုင်ကြောင်းနှင့် လက်ထပ်ခွင့် တောင်းဆိုနိုင်ကြောင်း ရေးသားခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ ရေးသားခြင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ ဂုဏ်သိက္ခာကို ထိခိုက်သည်ဟု မမြင်ကြောင်း တိုင်ကြားခံရသူ ဦးမင်းဆွေ (ခ) ငါးမင်းဆွေက ပြောကြားသည်။

“လူတွေက ကျွန်တော့် ပို့စ်တွေအောက်မှာ မင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် တူသလား တန်သလား ခဏခဏ လာရေးကြတယ်။ အဲ့တော့ ကျွန်တော်ကတော့ အိမ်ထောင်ရှင်ဖြစ်တယ်။ လူမှုရေးအရတော့ ကျွန်တော်နဲ့ မတန်တော့ပါဘူး၊ ဒါပေမဲ့ လွတ်လပ်တဲ့ အမျိုးသားတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို လက်ထပ်ခွင့်အထိ တောင်းနိုင်ကြောင်း တိုက်တွန်းတဲ့သဘောနဲ့ ရေးသားခဲ့တာ။ ဩဂုတ်လ ၅ ရက်နေ့က ရေးသားခဲ့တာပါ။ အဲ့လိုပြောတာက ကျွန်တော်တို့ အမျိုးသားရေးကို မထိခိုက်ဘူးလို့ ယူဆပါတယ်”ဟု ၎င်းကဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အနေနှင့် လူမြင်ကွင်းတွင် အမေရိကန် ပြည်ထောင်စု၏သမ္မတ အိုဘားမားနှင့် ပွေ့ဖက်နမ်းရှုပ်ခြင်းကသာ အမျိုးသားရေးကို  ထိခိုက်ကြောင်းနှင့် ယခုရေးသားမှုအပေါ် တရားစွဲဆိုခြင်းကလည်း အမျိုးသားတို့၏ ဂုဏ်သိက္ခာကို ထိခိုက်စေကြောင်း ဦးမင်းဆွေက ထပ်လောင်း ပြောကြားသည်။

ယင်းကဲ့သို့ အမှုဖွင့်ထားခြင်းနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့အနေနှင့် စွပ်စွဲခံရသူ ဦးမင်းဆွေနှင့် တွေ့ဆုံမေးမြန်းမှု တစ်စုံတစ်ရာ မလုပ်ရသေးကြောင်းနှင့် သွားရောက် တွေ့ဆုံရန် စီစဉ်နေဆဲသာဖြစ်ကြောင်း ရဲအသိုင်းအဝိုင်းထံမှ သိရသည်။

ဒေါ်ဇာဇာထွန်း၏ တိုင်ကြားမှုနှင့်ပတ်သက်၍ ပြည်ကြီးတံခွန် မြို့မရဲစခန်းက  ဦးမင်းဆွေကို (ပ) ၆၄၆ / ၂၀၁၇ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ဖြင့် အမှု ဖွင့်ပေးထားကြောင်း ယင်းရဲစခန်းထံမှ သိရသည်။

M-04