News

POST TYPE

NEWS

နည်းပြ၊ သရုပ်ပြ ၁၂၀ဝ ခန့် ရာထူးတိုး စာမေးပွဲကို ကျောခိုင်း
ရန်ကုန်၊ ဩဂုတ်လ ၁၆

နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များမှ နည်းပြ၊ သရုပ်ပြ(စီနီယာ၊ ဂျူနီယာ) ဆရာ၊ ဆရာမ ၁၂၀ဝ ခန့်က လက်ထောက် ကထိက ရာထူးအတွက် ရာထူးတိုး စာမေးပွဲဖြေဆိုမည် မဟုတ်ကြောင်း ယင်းဆရာ၊ ဆရာမများထံမှ သိရှိရသည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များတွင် လက်ထောက် ကထိကနှင့် ယင်းအဆင့်တူ ရာထူးလစ်လပ်နေရာ ၂၁၈၀ ကျော် ရှိသည်။

လက်ထောက် ကထိက ရာထူးသည် ပြန်တမ်းဝင် အရာရှိဖြစ်၍ ဝင်ခွင့်စာမေးပွဲ ဖြေရမည်ဟု ပြည်ထောင်စု ရာထူးဝန်အဖွဲ့က ယခုနှစ် ဇူလိုင်လဆန်းတွင် စာထုတ်ပြန်သည်။

ယင်းသို့ ထုတ်ပြန်ခြင်းသည် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများကို ပြင်ဆင်သည့် နည်းဥပဒေ ပုဒ်မ (၃၅)၊ ပုဒ်မခွဲ (ခ) တွင် ရာထူးအဆင့်၏ လုပ်ငန်း သဘာဝအလိုက် ရေးဖြေစာမေးပွဲ စစ်ဆေးခြင်း သို့မဟုတ် ရေးဖြေ စာမေးပွဲနှင့် လက်တွေ့ကျွမ်းကျင်မှု နှစ်ရပ်လုံးဖြင့် စစ်ဆေးခြင်းတို့ကိုပြုလုပ်၍ လူတွေ့ စစ်ဆေးပြီး အရည်အချင်း အကဲဖြတ် အမှတ်ပေးခြင်းတို့ကို ပြုလုပ်ရမည်ဟု ပြဋ္ဌာန်းချက်အရ ဖြစ်ကြောင်း ပညာရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

“ရာထူးတိုးဖို့ တင်ထားတာ တစ်နှစ်၊ ဆယ့်လအတွင်း ရာထူးတိုးစာရင်း မပါလာဘူး၊ လေးကြိမ် တင်ခဲ့ပါတယ်။ ကျွန်မတို့ဘက်က တာဝန် ပျက်ကွက်တာ မဟုတ်ဘူး။ ဝန်ကြီးတွေဘက်က တာဝန်ပျက်ကွက်တာပါ။ အဲဒီအတွက်ကြောင့် ရာထူးတိုးကို မဖြေနိုင်ပါဘူး”ဟု နည်းပညာ တက္ကသိုလ်တစ်ခုမှ သရုပ်ပြလုပ်သက် ၇ နှစ်ရှိ ဆရာမတစ်ဦးက ပြောကြားသည်။

ရာထူးတိုး စာမေးပွဲ ဖြေဆိုမည် မဟုတ်သည့် ဆရာ၊ ဆရာမစာရင်းကို တက္ကသိုလ်များအလိုက် ကောက်ခံ၊ လက်မှတ်ရေးထိုးကာ သက်ဆိုင်ရာ တက္ကသိုလ် ပါမောက္ခချုပ်များထံ အသိပေးထားပြီး ယင်းမှတစ်ဆင့် အဆင့်မြင့်ပညာဦးစီးဌာနနှင့် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများထံ ပေးပို့ရန် စီစဉ်လျက်ရှိကြောင်း နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ် ဆရာ၊ ဆရာမများထံမှ သိရှိရသည်။

ယင်းသို့ ရာထူးတိုး စာမေးပွဲကိစ္စနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန တာဝန်ရှိသူများနှင့် နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ နည်းပညာဆိုင်ရာ ဆရာများ အဖွဲ့ချုပ် တာဝန်ရှိသူတို့ ဩဂုတ်လ ၁၆ ရက်က နေပြည်တော်တွင် တွေ့ဆုံကာ ရာထူးတိုး စာမေးပွဲ စစ်ဆေးမည့်ပုံစံ၊ အစီအစဉ် အသေးစိတ်ကို ချပြဆွေးနွေးခဲ့သည်။

အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက “ရာထူးတိုးအတွက် စာမေးပွဲဖြေကို ဖြေရမှာပါ”ဟု ပြောကြားသည်။

ယင်းသို့ ရာထူးတိုး စာမေးပွဲ ကန့်ကွက်သည့်ကိစ္စနှင့်ပတ်သက်၍ ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်တစ်ခုမှ ကထိက တစ်ဦးက “ဘာလို့ စာမေးပွဲ မဖြေရဲရမှာလဲ။ ဖြေပြီး ရာထူးတိုးတော့ ဂုဏ်သိက္ခာ တက်သေးတယ်”ဟု မှတ်ချက်ပြု ပြောကြားသည်။

ရာထူးတိုး စာမေးပွဲ ဖြေဆိုရခြင်းသည် နိုင်ငံ့ဝန်ထမ်း ဥပဒေအရဖြစ်၍ ကောင်းမွန်ပြီး၊ ယခင်က ရာထူးတိုး စာမေးပွဲ မဖြေဆိုရဘဲ တိုးခဲ့သည်များရှိကြောင်း၊ အရည်အချင်း အကဲဖြတ်မှုအတွက် စာမေးပွဲ ဖြေဆိုသင့်ကြောင်း အဆိုပါကထိကက မှတ်ချက်ပြုသည်။

ထားဝယ် နည်းပညာတက္ကသိုလ် စက်မှုအင်ဂျင်နီယာဌာန သရုပ်ပြ ဦးအာကာ ဖုန်းနိုင်က ယခင်က လက်ထောက် ကထိက ရာထူးတိုးသွားသူများ စာမေးပွဲမဖြေရဘဲ ယခုမှ စာမေးပွဲ ဖြေဆိုရမည်ဆိုခြင်းမှာ ရာထူးတိုးမှု မညီမျှဟု ထင်မြင်ကြောင်း ပြောဆိုသည်။

ထို့ပြင် တာဝန်ရှိသူများ၏ စီမံခန့်ခွဲမှု ပွင့်လင်းမြင်သာမှု မရှိကြောင်း၊ ယင်းကြောင့် ဆရာများအနေနှင့် ရာထူးတိုး စာမေးပွဲ မဖြေဆိုရန် သဘောတူထားခြင်း  ဖြစ်ကြောင်း ဦးအာကာဖုန်းနိုင်က ပြောဆိုသည်။

တစ်နိုင်ငံလုံးတွင် ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာ ဦးစီးဌာနလက်အောက် နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်ပေါင်း ၆၀ ရှိသည်။  
   
J-18